ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် တက်ရောက်၍ အမှာစကားပြောကြား

နေပြည်တော်၊   ဇွန်  ၂၅

       ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

       ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများ၏ လုပ်ငန်း တာဝန်များတွင် တရားစွဲနှင့် အမှုလိုက်လုပ်ငန်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍ တိုးတက်ရေးအတွက် များစွာ အရေးကြီးပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ မျှတသောတရား စီရင်မှုစနစ် တိုးတက်ကောင်းမွန်ရေးအတွက် တရားလို၊ တရားခံများ၏ အခွင့်အရေးများကို ဥပဒေ နှင့်အညီ မှန်ကန်မျှတစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ကြရာတွင် ခံယူ ချက်နှင့် ကိုယ်ကျင့်တရားများ ကောင်းမွန်ရန် လိုအပ်သကဲ့သို့ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန် လိုအပ်ကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်နှင့်  ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာကြရမည်ဖြစ်ကြောင်း၊ ဥပဒေများကို နှံ့စပ်ကျွမ်းကျင်ရန် အမြဲလေ့လာဆည်းပူးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

       သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)