
နေပြည်တော်၊ ဇူလိုင် ၂၁
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၀၈:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မစ္စယန်ဟီလီက ယခုလိုပြည်ထောင်စုရှေ့နေချုပ်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် မြန်မာ-ဒိန်းမတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MoU လက်မှတ်ရေးထိုးမှုနှင့် ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ကို ကြားသိရပါကြောင်း၊ OHCHR နှင့်လည်းပူးပေါင်း ဆောင်ရွက်သွားရန် ရှိ မရှိ သိရှိလိုကြောင်း၊ တရားစီရင်ရေးကဏ္ဍ တိုးတက်ပြောင်းလဲမှု အခြေအနေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေရေးဆွဲမှုအခြေအနေနှင့် မတရားအသင်းဥပဒေနှင့် စပ်လျဉ်းသည့် အခြေအနေများကို မေးမြန်းဆွေးနွေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်က တရားစီရင်ရေးကဏ္ဍ တိုးတက် ပြောင်းလဲရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေနှင့်အညီဖြစ်ရေး၊ မှန်ကန်တရားမျှတမှုရှိရေး၊ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးတို့ကို ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် MoU ရေးထိုးပြီး Work Plan များချမှတ် ဆောင်ရွက်နေကြောင်း၊ ဥပဒေများတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများထည့်သွင်း ရေးဆွဲနိုင်ရေးအတွက် သင်တန်းများပေးလျက်ရှိပါကြောင်း၊ OHCHR က ကျင်းပသည့် လူ့အခွင့်အရေးဆိုင်ရာသင်တန်းများသို့ ဥပဒေအရာရှိများအား စေလွှတ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများရှိပါကြောင်း၊ အကျဉ်းသား တရားခံများအား အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့် တားမြစ်ပိတ်ပင်မှုမရှိပါကြောင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) အား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြုပြန်ကြားထားရှိပါကြောင်း၊ မတရားအသင်းဥပဒေနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ရှင်းလင်း ပြောကြားပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပါသည်။
