နေပြည်တော်၊ နိုဝင်ဘာ ၂၉

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက် ၁၀:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂၅-၁၁-၂၀၁၉ ရက်နေ့တွင် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အဓိကအားဖြင့် စစ်ရာဇဝတ်မှုများ (War Crimes)၊ လူသားမျိုးနွယ်အပေါ်ကျုးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity)၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)တို့ ပါဝင်ကြောင်း၊ အထူးအဖွဲ့အနေဖြင့် နိုင်ငံတကာရာဇဝတ်ဥပဒေနှင့် သက်ဆိုင်ရာကွန်ဗင်းရှင်းများ၊ နိုင်ငံတကာရာဇဝတ် တရားစီရင်ရေးနှင့် တရားရုံးလုပ်ထုံးလုပ်နည်းများအပြင် ပြည်တွင်းဥပဒေများကို လေ့လာ၍ တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရာဇဝတ်မှုဥပဒေ၏ သက်ရောက်မှုများကိုလည်း လေ့လာသုံးသပ် တင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများသည် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့က ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါ သည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်ဦးမောင်ဝေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထူးအဖွဲ့မှ အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
