နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက်

အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယ အကြိမ်အစည်းအဝေးကို ၂၆-၁-၂၀၂၁ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက် အကူပြုလုပ်ငန်းအဖွဲ့သည် လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသားမြေ ဥပဒေ (မူကြမ်း) ကနဦးရေးဆွဲနိုင်ရေး လုပ်ငန်းစဉ်ကို လုပ်ငန်းစီမံချက်ပါအတိုင်း အကောင်အထည် ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်ပါ ကနဦးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်အရ လုပ်ငန်းအဖွဲ့ငယ် ၇ ဖွဲ့က သက်ဆိုင်ရာ လုပ်ငန်းတာဝန် အသီးသီးကို ဆောင်ရွက်နေကြပြီး အစီရင်ခံစာများ ပေးပို့နေကြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ တတိယအကြိမ် လုပ်ငန်း ကော်မတီ အစည်းအဝေးက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် ဆုံးဖြတ်ခဲ့သည့် လုပ်ငန်းကော်မတီ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်း အဖွဲ့ငယ် ၇ ဖွဲ့တို့၏ လုပ်ငန်း တာဝန်များကို ချိတ်ဆက်ဆောင်ရွက်မည့် Co-ordination body ဖွဲ့စည်းရန် ကိစ္စနှင့်စပ်လျဉ်း၍ ယခုအစည်းအဝေးတွင် ဆွေးနွေးအကြံပြုကြရန် ဖြစ်ကြောင်း၊ အမျိုးသားမြေဥပဒေ ရေးဆွဲ ပြုစုရေးလုပ်ငန်းစီမံချက်ကို ပြည်သူသို့အသိပေးခြင်း၊ ဆွေးနွေးခြင်းလုပ်ငန်းစဉ်များအား လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့က ဆောင်ရွက်သွားနိုင်ရေး ကိုလည်း ဆွေးနွေးအကြံပြုကြရန်ဖြစ်ကြောင်း၊ အမျိုးသားမြေ ဥပဒေမူကြမ်းကျောရိုး (မာတိကာ) သည် တည်ဆဲမြေဆိုင်ရာ ဥပဒေအားလုံးကို ကိုယ်စားပြုမှု မှန်ကန်ရမည် ဖြစ်သည့်အတွက် ကြုံတွေ့ရမည့် ပြဿနာများ၊ စိန်ခေါ်မှုများကို အမျိုးသားမြေ အသုံးချမှုမူဝါဒနှင့်အညီ ထည့်သွင်း လေ့လာသုံးသပ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ကြောင်းပြောကြားပါသည်။
ထို့နောက် အထောက်အကူပြုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် လာကြသည့် အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက် ဆွေးနွေးပါသည်။
အစည်းအဝေးသို့ အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များနှင့် နည်းပညာ အကြံပေး အဖွဲ့ဝင်များဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)
