နေပြည်တော်၊ မေလ ၆

(၁၃) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို အင်ဒိုနီရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ယနေ့ နံနက် ၈:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM) အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်ပြီး ASLOM ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ASLOM အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က ဆွေးနွေးပြောကြားရာတွင် ဥပဒေ မူဘောင်များ တိုးတက်ကောင်းမွန်ရေးအတွက် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ASLOM နှင့် အာဆီယံ ဥပဒေပညာရှင်များအသင်း(ALA)တို့ အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ် (MLAT) ကို အာဆီယံပဋိညာဉ်၏ နောက်ဆက်တွဲ(၁)အဖြစ် ထည့်သွင်းသတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် တတိယနိုင်ငံများကိုလည်း MLAT သဘောတူစာချုပ်တွင် ပါဝင်နိုင်ရေး လုပ်ငန်းစဉ်ကို ဆွေးနွေးညှိနှိုင်း လျက်ရှိပါကြောင်း၊ ASLOM အနေဖြင့် အာဆီယံပဋိညာဉ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ပြန်လည်သုံးသပ်ခြင်း၊ အရေးပေါ်အခြေအနေနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် အာဆီယံ၏ တုံ့ပြန်ဖြေရှင်းမှုများ၊ ကလေးသူငယ် အခွင့်အရေး ကာကွယ်ပေးမှုများ စသည့်ကိစ္စရပ်များတွင် အကြံပြု ပံ့ပိုးလျက်ရှိပါကြောင်း၊ ထို့ပြင် ASLOM အနေဖြင့် တရားခံလွှဲပြောင်းရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ် မူကြမ်းရေးဆွဲရေး နှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ညီလာခံသို့ တက်ရောက်လာသည့် အာဆီယံကဏ္ဍအလိုက် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စား လှယ်များက အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ(APSC Blueprint 2025) အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အာဆီယံမျှော်မှန်းချက်(ASEAN Post-2025 Vision) ဖော်ဆောင်မှု အခြေအနေနှင့် အာဆီယံအဖွဲ့ဝင်သစ်အဖြစ် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ညီလာခံသို့ ASLOM အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်နှင့်အတူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
