ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၈

       ဥပ‌ဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဥပဒေရေးရာဝန်ကြီးဌာန၌ ယနေ့ နံနက် ၉:၀၀ နာရီ အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဥပ‌ဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်အမှာစကား ပြောကြားပါသည်။

       ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားရာတွင် ယခု လုပ်ငန်းညှိနှိုင်း အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီး ကာလ အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ် ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃၀-၈-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၁၇၆/၂၀၂၁ ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် လုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနလုပ်ငန်းများကို မကြာမီ ပြုစုထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး‌ဌာနခွဲ၊ E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊  စောင့်ကြည့် လေ့လာအကဲဖြတ်ရေး ဌာနခွဲ၊ ပြည်တွင်းပြည်ပဆက်ဆံရေး ဌာနခွဲ၊ ဥပဒေသုတေသန ဌာနခွဲ၊ အများပြည်သူတင်ပြစာများ စိစစ်ဆောင်ရွက်ခြင်း ဌာနခွဲတို့ကို ထည့်သွင်းဖွဲ့စည်းရန် ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် ဦးစီးဌာန ၄ ခုဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေ စိစစ်အကြံပြုရေးဦးစီးဌာနသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ပေးပို့လာသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း (မူကြမ်း)များကို စိစစ်အကြံပြု ပေးလျက်ရှိပါကြောင်း၊ နှစ်အလိုက် ပြဌာန်းလျက်ရှိသည့် ဥပဒေများကိုလည်း မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုလျက် Myanmar Law စာအုပ်အဖြစ် ပြုစုထုတ်ဝေလျက်ရှိပါကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် ရည်ရွယ်ပြီး မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(Myanmar Law    Information System- MLIS) Website ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အောင်မြင်စွာလွှင့်တင်နိုင်ခဲ့ပြီး ယခုဆိုလျှင် ၃ နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ MLIS တွင် ဥပဒေသတင်းအချက်ပေါင်း  ၁၀၇၆၁ ခု ထည့်သွင်းနိုင်ခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူ ၁၃ သန်းခန့်ရှိ ပါကြောင်း၊  အထူးလုပ်ငန်းတစ်ရပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေဘာသာပြန် ကော်မရှင်ကို ၁၂-၃-၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၅၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပြီး ပြည်ထောင်စု‌ရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ပါဝင်လျက် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော ဥပဒေ ၂၆ ခုကို ဘာသာ ပြန်ဆိုခဲ့ပြီး ဖြစ်ပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်က  မြန်မာဘာသာသို့ ပြန်ဆိုပြီးသော ရာဇသတ်ကြီး (The Penal Code)ကို စာအုပ်အမှတ် (၉)အဖြစ် ထုတ်ပြန်ရန် ရှိပါကြောင်း၊ ဥပဒေ အကြံဉာဏ်ပေးရေး ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံ ဥပဒေရေးရာ လုပ်ငန်းများ၊ စီးပွားရေးစာချုပ်စာတမ်း စိစစ်ခြင်းလုပ်ငန်းများ၊ အထွေထွေ ဥပဒေအကြံဉာဏ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်စာတမ်းများ စိစစ်ရာတွင် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် ညီညွတ်စေရေး၊ ဥပဒေရေးရာ စာပိုဒ်များ ပြည့်စုံစွာ ပါရှိစေရေးတို့ကို အလေးထားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနသည် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု၍ ပြစ်မှုနှင့် တရားမမှု များတွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအရာရှိများသည် တည်ဆဲ ဥပဒေများကို နှံ့စပ်စွာ သိရှိပြီး အမှုလိုက်ပါ ဆောင်ရွက်ရာတွင် သက်သေခံ အချက်အလက် ပြည့်စုံစွာနှင့် အမှုခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မကြာမီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အမိန့်အမှတ် ၁၄၇ /၂၀၂၁ နဲ့ ၁၇၂ /၂၀၂၁ တို့ဖြင့်   ကြားနာဆဲ အမှုများကို ပိတ်သိမ်းသည့် အမိန့်များကို  ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အမိန့်များအရ အကျုံးဝင်သည့် အမှုများကို ပိတ်သိမ်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေရုံးများသည် ပြည်ထောင်စု ရှေ့နေချုပ် နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အမှုလိုက်လုပ်ငန်းများ တိုးတက် ကောင်းမွန်ရန် ရည်ရွယ်ပြီး ရှေ့ပြေး ဥပဒေရုံး (Pilot Law Office) ၁၈ ရုံး တည်ထောင်ထားပြီး ဆက်လက် တိုးချဲ့ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ စီမံရေးရာဦးစီးဌာနသည် ဝန်ကြီးဌာန၏ ဝန်ထမ်း ရေးရာနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများကို အဓိကဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပဒေရုံးများ အတွက် ရုံးမြေနေရာ ရရှိရေး၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ပြည့်စုံမှု ရှိစေရေးတို့ကို ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် E-Government အစီအစဉ် အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဦးစီးဌာနအလိုက် လုပ်ငန်းလမ်းညွှန်စာအုပ်များ (SOP)ကို မကြာမီ ထုတ်ဝေဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများ ပြောင်းရွှေ့ခြင်း ဆိုင်ရာ “မူ”ကို ၂၁-၆-၂၀၂၁ ရက်စွဲဖြင့် သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနသည် “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)နှင့် အညီ လုပ်ငန်းအစီအစဉ်များကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထူးသဖြင့် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာသင်တန်း၊ ဥပဒေမူကြမ်းရေးဆွဲရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိ‌ကြောင်းနှင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးကို ကျေပွန်စွာသယ်ပိုး ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့်သော ဥပဒေရုံးများ၏ အသွင်သဏ္ဍာန်နှင့် ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာရေးကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား ပါသည်။

       အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများနှင့် ဥပဒေရေးရာဝန်ကြီး ဌာန၏ ဦးစီးဌာန (၄)ခု တို့မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကြပါသည်။

       အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦီးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ တက်ရောက်ကြပါသည်။

     (သတင်းစဉ်)