အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာ အခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

နေပြည်တော်၊ မတ်လ ၆

အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာအခြေခံသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၉း၃၀ အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဤသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ဥပဒေအသိပညာပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံ ဥပဒေရေးရာ အခြေခံဗဟုသုတများကိုမျှဝေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအသီးသီးမှ တက်ရောက်ရန် စေလွှတ်သည့်  သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ အတွေ့အကြုံ ဗဟုသုတများလည်း ရလိုပါကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ အာဆီယံ နှင့် ဒေသဆိုင်ရာစာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုပါဝင်ခြင်း ဆောင်ရွက်ကြရာတွင် လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် MOU၊ MOA များ လက်မှတ်ရေးထိုး ဆောင်ရွက်ကြရာတွင်လည်းကောင်း၊ ယင်းစာချုပ်များအား လက်မှတ်ရေးထိုးခြင်းမပြုမီ ဤဝန်ကြီးဌာနသို့ ဥပဒေသဘောထားမှတ်ချက်များ တောင်းခံသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း(၂၀၂၀ -၂၀၂၄)မှာ အရည်အသွေးပြည့်မီတဲ့ ဥပဒေအကြံဉာဏ်ပေးနိုင်ရေးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် ပန်းတိုင်တစ်ခုဖြစ်ကြောင်း၊ အဆိုပါရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း၊ ဤသင်တန်းသည် အခြေခံသင်တန်းဖြစ်သော်လည်း သင်တန်းကရရှိမည့် အတွေ့အကြုံဗဟုသုတများကို မိမိတို့ ဌာနတွင် ပြန်လည်မျှဝေသင်ကြားပေးနိုင်ဖို့ Training of Trainers (ToT) အနေနဲ့ သင်ကြားခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ အဆင့်မြင့်သင်တန်းများဖွင့်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဥပဒေ ရေးရာ ဝန်ကြီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂(ပ)အရ နားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်မှတ်တမ်းများ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်စာတမ်းများ၊ အခြားစာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအား ဥပဒေ အကြံဉာဏ်ပေးခြင်းဟု ပြဋ္ဌာန်းထားပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။

သင်တန်းကာလမှာ ၅ ရက် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံသဘောတရားများ၊ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းဥပဒေ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ ကွန်ဗင်းရှင်းများ၊ နှစ်နိုင်ငံသဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များအကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန် သုံးသပ်သည့်လုပ်ငန်းစဉ် (UPR Process)များ အားဆွေးနွေးပို့ချမည့်အပြင် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဝန်ကြီးဌာနများက လက်မှတ်ရေးထိုးဆောင်ရွက်လေ့ရှိကြသည့် MOU၊ MOA များကို ဥပဒေ ကြောင်းအရ စိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊  နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာတို့မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

(သတင်းစဉ်)