Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာလက်တွေ့သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက်

Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ဥပဒေရေးရာဝန်ကြီးဌာန သုံးထပ်ဆောင် အလယ်ထပ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်က Naypyitaw State Academy မှ ဥပဒေအထူးပြု တတိယနှစ်ကျောင်းသားကျောင်းသူများအတွက် လုပ်ငန်းခွင်လက်တွေ့ လေ့လာရေးသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ဒုတိယအကြိမ် ရှိပြီးဖြစ်ကြောင်း၊ ယခုသင်တန်းအား ၁.၁၀.၂၀၂၅ ရက်နေ့မှ ၁၃.၁၀.၂၀ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနဲ့ ဦးစီးဌာနကြီးများ၏ လုပ်ငန်းတာဝန်တွေနဲ့ ဥပဒေအရာရှိတွေ့ရဲ့ လုပ်ငန်းတာဝန်များအပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပျဉ်းမနားခရိုင်ဥပဒေရုံးနဲ့ တရာရုံး၊ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးတွေကို သွားရောက်လေ့လာခဲ့ကြရတာဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာများကို လက်တွေ့ဆောင်ရွက်ရာတွင် မည်သို့မည်ပုံ ဆောင်ရွက်ရကြောင်းကို လေ့လာသိရှိကြပြီဖြစ်၍ ဥပဒေပညာရပ်ကို လေ့လာဆည်းပူးကြသူများအနေဖြင့် မိမိအတွက်သော်လည်းကောင်း၊ အများအတွက်သော်လည်းကောင်း ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်းလိုကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်မှာဖြစ်ပြီး သင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတများအား ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရာတွင် အထောက်အကူဖြစ်ပါစေလို့ ဆန္ဒပြုကြောင်း ပြောကြားပြီး သင်တန်းသား/သင်တန်းသူများကို သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ပါသည်။

ဆက်လက်၍ Naypyitaw State Academy ဥပဒေပညာဌာန ပါမောက္ခက လက်ဆောင်ပစ္စည်းပေးအပ်ပြီး ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်ယုယုခင်က ဥပဒေပညာဌာနနှင့် သင်တန်းသား/သင်တန်းသူများအား ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ဝေသည့် ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်များအား ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)