နေပြည်တော် မတ် ၃၁

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး ညွှန်ကြားရေး မှူးချုပ်နှင့်၊ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြိုကျပျက်စီးသည့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအား တွေ့ဆုံဆွေးနွေး၍ အားပေးစကား ပြောကြားသည်။
ရှေဦးစွာ ခရေအိမ်ရာ တိုက်အမှတ် ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ဧက ၁၀၀၀ တိုက် ၁၃၂၉၊ ၁၃၃၀၊ ၁၃၇၅၊ သပြေ ၄ အဆောင် ၆ (လူပျိုဆောင်)၊ သဇင် ၆ အပျိုဆောင်၊ သဇင် ၄ ရွှေကသစ် (အပျိုဆောင်)နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး၊ ဝန်ထမ်းများကို တွေ့ဆုံအားပေးသည်။
ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယခုကြုံတွေ့ ခဲ့ရသည့် ပြင်းထန်သော ငလျင်မှာ မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၁၀၀ ကျော် အတွင်း ပထမအကြိမ်ဖြစ် ကြောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးများ၊ အိမ်ရာများ၊ လမ်းတံတားများ ပျက်စီးမှုများပြားခဲ့ကြောင်း၊ နိုင်ငံတော်က ရွက်ဖျင်တဲများ၊ ယာယီအိမ်သာများ ဖြန့်ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ပိုင်ပစ္စည်းများအနီး၊ အရိပ်အာဝါသကောင်း သောနေရာတွင် နေရာယူထားကြခြင်းဖြစ်သော်လည်း၊ ယခုရက်အတွင်း ဝန်ကြီးရုံးကားပါကင်ကဲ့သို့ ကျယ်ပြန့်သောနေရာတွင် ယာယီတဲများ ဆောက်လုပ်နေရာချ ထားပေးမည်ဖြစ်ကာ ဆေးဝါးရိက္ခာများလည်း ဖြည့်ဆည်းပေးထားမည်ဟု သိရှိရကြောင်း၊ သဘာဝဘေးသည် တားဆီး၍ မရနိုင်သဖြင့် ကြောက်ရွံ့ နေစရာမလိုဘဲ အားတင်းရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ထက် အခြေအနေဆိုးရွားသော နေရာများ တွင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိဝန်ထမ်းအိမ်ရာ အများစုမှာ ဆက်လက်နေထိုင်ရန် အခက်အခဲများရှိနေသည်ကို တွေ့မြင်ရကြောင်း ပြောကြားပြီး ယနေ့မှစပြီး အခက်အခဲရှိသော ဝန်ထမ်းမိသားစုများအတွက် ချက်ပြုတ်ဝေငှပေးပြီး ဝန်ထမ်းများ တင်ပြသည့် သုံးရေ၊ ယာယီအိမ်သာ၊ တယ်လီဖုန်းအားသွင်းရန် ကိစ္စရပ်များ နှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
