နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေနှင့် စပ်လျဉ်းသည့် သင်တန်းသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊  ဇန်နဝါရီ  ၁၆

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပသည့် နိုင်ငံတကာရာဇဝတ်မှုဥပဒေ နှင့်စပ်လျဉ်းသည့် သင်တန်းသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့၏ အဖွဲ့ဝင်များနှင့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေး ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေသည့် အရာထမ်းများကို နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးနှင့် နိုင်ငံတကာရာဇဝတ်မှု ဥပဒေတို့အပေါ် ပိုမိုသိရှိနားလည်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေပိုင်း၊ သုတေသန ပိုင်းဆိုင်ရာတို့၌ ပိုမိုကျွမ်းကျင်စွာ ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ် ပါကြောင်း၊ နိုင်ငံတကာရာဇဝတ်မှုများကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဖော်ထုတ်ဖြေရှင်း နိုင်ရေးနှင့် ပြည်တွင်းတရားစီရင်ရေးအတွက် လူ့စွမ်းအားနှင့် ကျွမ်းကျင်မှုရှိကြရန် လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှု ကျူးလွန်သူများကို  ပြည်တွင်းရာဇဝတ်မှု တရားစီရင်ရေး မှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဆောင်ရွက်ပါကြောင်း၊ မျှတသော တရားစီရင်ရေးစနစ်နှင့် တရားဥပဒေစိုးမိုးရေး အခြေခံအုတ်မြစ်ရှိသော တရားရေးမဏ္ဍိုင် ထွန်းကားရေးသည် အရေးကြီးပါကြောင်း၊ ပြည်တွင်းဥပဒေပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးနှင့် နိုင်ငံတကာရာဇဝတ်မှု ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပိုမိုနားလည်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုရရှိရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ သံအမတ်ကြီး(ငြိမ်း) ဦးမောင်ဝေတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းသို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ စုစုပေါင်း သင်တန်းသား (၃၆)ဦး တက်ရောက်ကြပြီး  သင်တန်းမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့ အထိ ဖြစ်ကြောင်း သိရှိရပါသည်။

 (သတင်းစဉ်)