ပင်လယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၉

ပင်လယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂:၀၀  နာရီအချိန်တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တာဝန်ရှိသူများ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းက တည်ဆဲငါးလုပ်ငန်းနှင့် သက်ဆိုင်သည့်ဥပဒေများသည် နှစ်ကာလကြာမြင့်နေပြီ ဖြစ်သဖြင့် ပြောင်းလဲလာသော အခြေအနေအရခေတ်ကာလနှင့် လျော်ညီမှု မရှိခြင်း၊ လက်တွေ့ နယ်ပယ်နှင့်များစွာ ကွာခြားလာခြင်း၊ နိုင်ငံတကာမှ ကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေမှုမရှိခြင်းတို့ကြောင့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်း ဖြစ်ကြောင်း တင်ပြဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေ(မူကြမ်း) များသည်  မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို မြှင့်တင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးသွားရန် လိုအပ်ကြောင်း နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် ယခင်လွှတ်တော်တွင် ပြဋ္ဌာန်းရန် ကျန်ရှိသည့် ဥပဒေများအနက် အရေးကြီး၍ သင့်တင့်သည့် ဥပဒေများကို လာမည့်လွှတ်တော်တွင် တင်ပြနိုင်ရေး ပြည်ထောင်စု ဝန်ကြီးဌာနများမှ ပြင်ဆင်ထားရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုး မွေးမြူရေးကဏ္ဍကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် ဥပဒေ(မူကြမ်း)ဖြစ်ကြောင်း၊ ပင်လယ်ငါး လုပ်ငန်း ဥပဒေ (မူကြမ်း)တွင် လက်ရှိကာလအခြေအနေနှင့်ညီအောင် ပြင်ဆင်ရန် လိုအပ်ချက် များကို ညှိနှိုင်းပြင်ဆင်ပြီးပါက ဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းစဉ်