Myanmar Legal Assistant AI Model တွင် ဥပဒေသတင်းအချက်အလက်များ ထည့်သွင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မေ ၁၉

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဥပဒေ ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်များနှင့်အညီ Myanmar Legal Assistant AI Model တွင် ဥပဒေသတင်း အချက်အလက်များ ထည့်သွင်းဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကို အမြဲတမ်းအတွင်းဝန်က ဦးဆောင်၍ ၁၈-၅-၂၀၂၆ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည် တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေချုပ်ရုံး များမှ အရာထမ်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ် ၅၃/၂၀၂၆ ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်း၍ “AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီ”ကို ဖွဲ့စည်းပေးခဲ့ပြီးနောက် Myanmar Legal Assistant AI Model ကို ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိ ပညာ အချက်အလက်များ ထည့်သွင်းလေ့ကျင့်လျက်ရှိကြောင်း၊ Myanmar Legal Assistant AI Model ကို ဥပဒေအသိပညာပြန့်ပွားရေး ရက် (၁၀၀) စီမံကိန်းတွင် Domain (၅)ခုဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတို့ကို သတ် မှတ်ထားရာ ပိုမိုပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်သည့် Model တစ်ခုဖြစ်လာစေရန် ဥပဒေအမေးအဖြေ များကို ပံ့ပိုးပေးကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ AI နည်းပညာရှင်များက AI Application တစ်ခု အောင်မြင်အောင် တည်ဆောက်ရာတွင် Data ရရှိမှု အရေးကြီးကြောင်းနှင့် Legal Assistant AI Model လက်တွေ့အသုံးပြုနည်းကို PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြ ကြသည်။ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ဥပဒေအသိပညာပြန့်ပွားရေး ရက်(၁၀၀) အစီအမံများနှင့်အညီ ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များအား  တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်ရုံး အသီးသီးကို တာဝန်ခွဲဝေ သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။

             (သတင်းစဉ်)