ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊   အောက်တိုဘာ   ၉

       ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏       ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး အမှာစကား ပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ပဉ္စမအကြိမ် အစည်းအဝေးသည် COVID-19 ကူးစက်ပြန့်နှံ့မှုကြောင့် ပုံမှန်ကျင်းပရမည့်အချိန်ထက် နှောင့်နှေးမှု ရှိခဲ့ပါကြောင်း၊ သို့သော် လစဉ်လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှု၊ တင်ပြမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းစုံစမ်းအရေးယူဆောင်ရွက်ရေးအဖွဲ့ (Task Force) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အကြား အဆက်အသွယ်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် များနှင့်အညီ သတ်မှတ်ကာလအတွင်း ဦးစားပေး အမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခင်းဖြစ် ကျေးရွာများသို့ သွားရောက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသားများ၊ သက်သေများကို  စုံစမ်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တရားခံများ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါကြောင်း၊  အချို့တရားခံများ စုံစမ်းဖော်ထုတ်နိုင်သော်လည်း တရားခံပြေးများ ဖြစ်လျက်ရှိပါကြောင်း၊ အဖွဲ့အနေဖြင့် တရားခံများ စုံစမ်းဖော်ထုတ်နိုင်ရေးနှင့် တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)၏ အစီရင်ခံစာပါ ပြစ်မှုများအား စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို တရားစွဲဆို တင်ပို့ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး၏ ထိရောက်သော ကုစားမှုများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

    အဆိုပါအစည်းအဝေးသို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။                                                                                                

                                                                                                                    (သတင်းစဉ်)