နေပြည်တော် မတ် ၁၂

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ၊ ဥပဒေအသိပညာ ပြန့်ပွားရေးဦးစီးဌာန၊ ဥပဒေအသိပညာပြန့်ပွာရေးသင်တန်းကျောင်း (Legal Advocacy Center) MOLA Lecture Hall သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်းကို ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် နေသော မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ဥပဒေအရာရှိကျင့်ဝတ်များ နှင့် မျှတသောတရားစီရင်ရေးစံနှုန်းများနှင့်အညီ အမှုလိုက်ပါဆောင်ရွက်နိုင်ရန်၊ အထူးသဖြင့် စွမ်းဆောင်ရည်ပြည့်ဝပြီး အမှုလိုက်ပါဆောင်ရွက်မှု ကျွမ်းကျင်စေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ သင်တန်းကာလမှာ ၆-၃-၂၀၂၆ မှ ၂၉-၄-၂၀၂၆ အထိဖြစ်ပြီး အသားတင်သင်တန်းပို့ချရက် (၃၇)ရက်နှင့် သင်တန်းချိန် (၂၅၉) ချိန်ဖြင့် သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ဘာသာရပ်များ အနေဖြင့် စီမံ၊ ဘတ်ဂျက်၊ ငွေစာရင်း၊ Legal English၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေ၊ သက်သေခံအက်ဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာလုပ်ငန်းများ၊ လက်တွေ့အမှုလိုက်ပါဆောင်ရွက်ခြင်း (သရုပ်ပြတရားခွင်) နှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဌာနအကြီးအမှူးများက သက်ဆိုင်ရာဦးစီးဌာနများ၏လုပ်ငန်းဆောင် ရွက်ချက်များအား ပို့ချပေးမည်ဖြစ်ကြောင်း၊ အထူးပို့ချချက်များအနေဖြင့် မှုခင်းဆေးပညာ၊ မှုခင်း စုံစမ်းထောက်လှမ်းခြင်းပညာ (CID) တို့ကိုပို့ချပေးမည်ဖြစ်ကြောင်း၊ အမှတ်အများဆုံးရရှိသူ သင်တန်းသား/သင်တန်းသူ(၃)ဦးအား ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် တက္ကသိုလ်တွင်သင်ကြားခဲ့သောစာတွေ့များကို ယခုသင်တန်းတွင်ပို့ချပေးသည့် လက်တွေ့များနှင့်ပေါင်းစပ်ပြီးလုပ်ငန်းခွင်ဝင်ရောက်သည့်အခါ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ကျွမ်းကျင်စွာအမှုလိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစားလေ့လာသင်ယူကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
(သတင်းစဉ်)
