နေပြည်တော် စက်တင်ဘာ ၃

ဥပဒေအသိပညာဒီပလိုမာ(Diploma In Legal Advocacy-DLA) သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက် သည်။
ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၊ ယခင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့သမိုင်းမှာ ပထမဦးဆုံး ဥပဒေနဲ့ပတ်သက်တဲ့ Diploma သင်တန်းကို စတင်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ရုံးရဲ့ စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း၊ Diploma of Legal Advocacyကို ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီးမှာ တာဝန်ထမ်းဆောင် နေတဲ့အဆင့်မြင့်အရာရှိများအနေဖြင့် ဥပဒေအသိပညာရှိရမည်ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ Certificate of Legal Advocacy သင်တန်းကို အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များအား ဖွင့်လှစ်သင်ကြားခဲ့ပြီး ဒီပလိုမာသင်တန်းဖွင့်လှစ်ဖို့တင်ပြတဲ့အခါမှာ ခွင့်ပြုချက်ရရှိခဲ့၍ ယနေ့သင်တန်းအားဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အရာရှိကြီးများအား သင်တန်းသား အဖြစ် လက်ခံကြောင်း၊ သင်တန်းမှာ ဘာသာရပ်ဆိုင်ရာစာတမ်းများ သုတေသနစာတမ်းများ ပြုစု နိုင်တဲ့အနေအထားရှိတဲ့ သင်တန်းသား/ သင်တန်းသူများကို ရွေးချယ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူ ၅၀ ဦး သတ်မှတ်ထားပြီး သင်တန်းသားလျှောက်လွှာ ၁၀၀ ခန့်ရရှိခဲ့ကြောင်း၊ သင်တန်းသား ၅၀ ဦးအား သတ်မှတ်စံနှုန်းများဖြစ်သည့် ဘာသာရပ်ဆိုင်ရာ သုတေသနများနှင့် အခြား သောသုတေသနစာတမ်းများ ရေးသားရန်နှင့် ဌာနအသီးသီးတွင် ဥပဒေနှင့်စပ်လျဉ်း၍ ကိုင်တွယ် ကျင့်သုံးနေရသည့် အရာရှိများကို ပထမဦးစားပေးရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးလျှင် Diploma In Legal Advocacy ဘွဲ့ပေးမည်ဖြစ်ကြောင်း၊ သင်တန်းကာလ တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး ၈ လ မှာ ဘာသာရပ်ဆိုင်ရာများ ပို့ချပြီး၊ ၄ လမှာ သုတေသနစာတမ်းများ ရေးသားရန်ဖြစ်ကြောင်း၊ သင်တန်း ရက်ပေါင်း ၁၆၀ ရက်နှင့် စာသင်ချိန် ၃၂၀ သင်ကြားပို့ချမည် ဖြစ်ကြောင်း၊
သင်တန်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဌာနကြီးများ၏ ဆောင်ရွက်နေတဲ့ လုပ်ငန်းများဖြစ်သော ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်း ဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်းသည့် ဘာသာရပ်များ၊ ဥပဒေမူကြမ်းရေးဆွဲနည်း များ၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံရေးရာကိစ္စရပ်များ၊ စီးပွား ရေးစာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များ၊ အထွေထွေအကြံပေးခြင်းလုပ်ငန်းရပ်များ၊ ပြစ်မှု/ တရားမမှုများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အခြားသိသင့်သိထိုက်သော ဥပဒေများကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ သင်တန်း ဆရာများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဆရာ/ဆရာမများက သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ဥပဒေအသိ ပညာပြန့်ပွားရေးသည် ယခုအချိန်တွင် အလွန်အရေးကြီး သောကြောင့် လူတိုင်းဥပဒေအသိပညာ ရရှိရမည်ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေစာအုပ်များထုတ်ဝေခြင်း၊ Myanmar Law Information System(MLIS)စနစ်မှလည်း ဥပဒေသတင်းအချက်အလက်များကို ဖြန့်ဖြူးပေး ကြောင်း၊ ဥပဒေသုတေသနလုပ်ငန်းများနှင့် သင်တန်းအမျိုးမျိုး ပို့ချပေးလျက်ရှိပြီး CLA,DLA သင်တန်းများနှင့် ဘာသာရပ်ဆိုင်ရာသင်တန်း အမျိုးမျိုးကို ရာထူးအဆင့်အလိုက် သင်တန်းပေး ခဲ့ကြောင်း၊ Grade-12 ကျောင်းသား/ ကျောင်းသူများ ဥပဒေအသိပညာရရှိရေး Training of Trainner (TOT)သင်တန်းများ ပေးလျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၅ ခုနှစ် ကတည်းက မဟာဗျူဟာများချမှတ်၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၅ ခုနှစ် မဟာဗျူဟာမှာ “Moving Forward To The Rule of Law” “တရားဥပဒေစိုးမိုးရေးဆီသို့”၊ ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ “Providing Legal Service For Justic” “တရားမျှတမှုအတွက်ဥပဒေဝန်ဆောင်မှု” ဆိုသည့် မဟာဗျူဟာများဖြင့် ဆောင်ရွက်ခဲ့ပြီး ယခု၂၀၂၅ ခုနှစ် မှ ၂၀၂၉ ခုနှစ်အထိ “Building Legal Trust For The People” “ပြည်သူ့အတွက်တည်ဆောက်လျက်ဥပဒေယုံကြည်ချက်”ဆိုသည့် မဟာဗျူဟာဖြင့် ချီတက်လျက်ရှိကြောင်း၊ ဥပဒေအသိပညာဒီပလိုမာ (DLA) သင်တန်းပေးခြင်းသည် မဟာဗျူဟာ၏ တာဝန်ရှိမှုများကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင်ဥပဒေသည်အလွန်အရေးပါသည့် အခန်းကဏ္ဍတွင်ရှိ၍ ဥပဒေကိုလေးစားလိုက်နာပြီး ဥပဒေအသိပညာရှိခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်ကြောင်း၊ သင်တန်းသား အရာရှိများအနေဖြင့် ယခုသင်တန်းတက်ရောက်ခြင်းဖြင့် ရရှိလာသည့် ဗဟုသုတများအား တရားဥပဒေ စိုးမိုးရေးအတွက်သော်လည်းကောင်း၊ မိမိဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ မိမိအတွက် သော်လည်းကောင်း အကျိုးရှိစွာအသုံးချနိုင်ရန်ဆန္ဒပြုပါကြောင်းပြောကြားသည်။
ဥပဒေအသိပညာဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်း အမှတ်စဉ်(၁)သို့ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၅ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ခုနှစ် ဩဂုတ်လ အထိသင်ကြားပို့ချမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
