နေပြည်တော် အောက်တိုဘာလ ၃ ရက်

ဥပဒေရေးရာဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများမှ ဥပဒေအရာရှိ များ၏ ဥပဒေသုတေသနစာတမ်းများ ပဉ္စမအကြိမ် ဖတ်ကြားဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း ( Legal Advocacy Center) မြေညီထပ်ခန်းမ၌ ကျင်းပခဲ့သည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေသုတေသနလုပ်ငန်းများသည် ဥပဒေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် မှန်ကန်သော ဥပဒေဝန်ဆောင်မှုပေးနိုင်ရေး၊ ဥပဒေအကြံဉာဏ်များပေးနိုင်ရေးတို့အတွက် အရေးကြီးသောလုပ်ငန်းဖြစ်ပါကြောင်း၊ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်းဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဥပဒေ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ခြင်း၊ မဟာဗျူဟာစီမံကိန်းပါ ဥပဒေသုတေသနလုပ်ငန်း များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ဥပဒေရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေကြသော အရာထမ်းများ၏ ဥပဒေအသိပညာများ တိုးတက်စေခြင်း၊ စာတမ်းဖတ်ပွဲ အတွေ့အကြုံများ ရရှိခြင်း၊ ဥပဒေအသိပညာများကို အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါကြောင်း၊ ဥပဒေသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း/ပြည်ပ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွင် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ ဥပဒေသုတေသနလုပ်ငန်းအဖွဲ့ ၆ ဖွဲ့က စာတမ်း ၆ စောင်ကို ဖတ်ကြားဆွေးနွေး မည်ဖြစ်ကြောင်း၊ စာတမ်းအကြောင်းအရာများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရေအသုံးချမှု ဆိုင်ရာဥပဒေတို့နှင့်သက်ဆိုင်သည့်စာတမ်းများ၊ စီးပွားရေးစာချုပ်စာတမ်းများနှင့်သက်ဆိုင်သည့် စာတမ်းများ၊ နိုင်ငံတကာဥပဒေနှင့်စပ်လျဉ်းသည့်စာတမ်းများ ပါဝင်ပါကြောင်း၊ ယခုကဲ့သို့ ဥပဒေ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်းဖြင့် ဥပဒေအသိပညာပြန့်ပွားရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အထောက်အကူဖြစ်စေပါကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် Providing Legal Service for Justice ဟူသည့် တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှုမဟာဗျူဟာ (၂၀၁၉-၂၀၂၄)အရ ဥပဒေအသိပညာ ပြန့်ပွားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဖြစ်ရာ ဥပဒေဝန်ဆောင်မှုပုံစံတစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိသော ဥပဒေသုတေသနလုပ်ငန်းများသည် အရေးပါသောအခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဥပဒေသုတေသနစာတမ်းများ ရေးသား ဖတ်ကြားခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
စာတမ်းဖတ်ပွဲတွင် ဥပဒေသုတေသနလုပ်ငန်းအဖွဲ့ ၆ ဖွဲ့က စာတမ်း ၆ စောင်ကို ဖတ်ကြားမေးမြန်း ဆွေးနွေးအကြံပြုခဲ့ကြပြီးနောက် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများမှ ဥပဒေအရာရှိများ နှင့် အခြားဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြပါသည်။
(သတင်းစဉ်)
