ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၁၆

        ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၅)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယင်းအစည်းအဝေးကို ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြင်ပဥပဒေပညာရှင် ဦးဘတင့်၊ ဦးပေါ်ခိုင်သန်း၊ ဦးကျော်စိန်၊ ဦးအလုံးမောင်၊ ဦးမြသိန်း၊ ဒေါ်သန်းသန်းရီ၊ ဒေါက်တာနီနီအောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါက်တာခင်ချစ်ချစ်၊ ဒေါက်တာသွင်ပပ၊ ဒေါက်တာဝင့်ဝါဝါလှိုင်၊ ဒေါက်တာသိန်းနိုင်၊ ဒေါက်တာသီတာစန်း၊ ဒေါ်နော်စေးဝါးဖော တို့တွင် အဖွဲ့ဝင် ၁၁ ဦးမှာ In Person ဖြင့် လည်းကောင်း၊ ကျန်အဖွဲ့ဝင် ၄ ဦးမှာ Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခုအစည်းအဝေးသည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ၌ ၈ ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းကာလတွင် ဥပဒေ ၂၁ ရပ်ကို မြန်မာဘာသာ ပြန်ဆိုအတည်ပြုခဲ့ပြီး ဥပဒေဘာသာပြန်စာအုပ်အမှတ် (၉)မှ (၁၄)ထိ စာအုပ် ၆ အုပ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊

ယခင်အင်္ဂလိပ်ကိုလိုနီခေတ်၌ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအနက် ကော်မရှင်က ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် တည်ဆဲဥပဒေစုစုပေါင်း ၈၁ ရပ်ရှိကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၁၂ အရ ကော်မရှင်က မြန်မာဘာသာပြန်ဆို၍ အတည်ပြုအမိန့် ထုတ်ပြန်ကြေညာထားသော ဥပဒေများသည် မူလစာမူနှင့် အလားတူ အာဏာ တည်မည်ဖြစ်ပြီး ထိုသို့ထုတ်ပြန်ကြေညာထားသော ဘာသာပြန်ဆိုချက်ပါ ဖော်ပြချက် တစ်ရပ်သည် မူလစာမူနှင့် ကွဲလွဲပါက အဆိုပါဖော်ပြချက်တစ်ရပ်နှင့်စပ်လျဉ်း၍ မူလစာမူကို အတည်ယူရမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ (The Myanmar Stamp Act)ကိုလည်း စာအုပ် အမှတ် (၁၅)အဖြစ် မကြာမီပုံနှိပ်ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်း၊

ကော်မရှင်၏ အရှိန်အဟုန်မပြတ်လုပ်ငန်းဆောင်ရွက်ချက်များသည်  အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရလဒ်ကောင်းများ ရရှိသည့်အတွက် မိမိအနေဖြင့် ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင် တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း ပြောကြားလိုကြောင်း၊

ယခုအစည်းအဝေးတွင် ဥပဒေ ၆ ရပ်ဖြစ်သည့် The Bills of Lading Act (သင်္ဘော ကုန်တင်တန်ဆာအက်ဥပဒေ)၊ The District Cesses Act (ခရိုင်ခိုင်ကြေးအက်ဥပဒေ)၊ The Religious Societies Act (ဘာသာရေးအသင်းအဖွဲ့များအက်ဥပဒေ)၊ The Obstructions in Fairways Act (ရေကြောင်းအတားအဆီးများအက်ဥပဒေ)၊ The Myanmar Territorial Force Act (မြန်မာနိုင်ငံပိုင်နက်နယ်မြေတပ်ဖွဲ့အက်ဥပဒေ)၊ The Evidence Act (သက်သေခံအက်ဥပဒေ) တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေးအတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                          (သတင်းစဉ်)