နေပြည်တော်၊ မတ် ၂၃

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဆဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများအကြား လုပ်ငန်းများ ပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိကြောင်း၊ ဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ပူးပေါင်း၍ ဥပဒေဆိုင်ရာ ဟောပြောပွဲနှင့် ဥပဒေရေးရာ အလုပ်ရုံ ဆွေးနွေးပွဲတို့ကို ကျင်းပခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေ သနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၁၇-၇-၂၀၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယမြောက် မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉)ကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဖြင့် ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာအစီအစဉ် ၆၁ ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံကိန်းအရ ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းနှင့် တက္ကသိုလ် ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ရန် ဆောင်ရွက်ခြင်း၊ e-library တည်ထောင်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အသီးသီးရှိ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ်အဆင့်အထိ အရာထမ်းများကို ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအခါ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၏ စွမ်းဆောင်မှုဖြင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများကိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်နိုင်ရေး အတွက် Grade 11၊ Grade 12 ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT)ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တနိုင်ငံလုံးတွင် ဥပဒေအသိပညာပြန့်ပွားစေရေးအတွက် နိုင်ငံ့ ဝန်ထမ်းပေါင်း (၃၁၀၁၀၂)ဦးကို ဗဟုသုတဖြန့်ဝေနိုင်ခဲ့ကြောင်း၊ ဥပဒေအရာရှိများ၏ အရည် အသွေးမြင့်မားရေးဆိုင်ရာ သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေရေးရာ ဆွေးနွေးပွဲကို ၅-၅-၂၀၂၅ ရက်နေ့မှ ၉-၅-၂၀၂၅ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင် ၅ ဦးတို့က ဆွေးနွေး မည်ဖြစ်ကြောင်း၊ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများ စာအုပ် အဋ္ဌမအကြိမ် ထုတ်ဝေဖြန့်ဖြူး လျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ www.mlis.gov.mm တွင် မိမိ တို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် အပတ်စဉ် သတင်းလွှာ စာစောင်တို့ကို လွှင့်တင်ပေးလျက်ရှိကြောင်း၊ e-Government လုပ်ငန်းများ အောင်မြင်ရန်အတွက် အရာ ထမ်း၊ အမှုထမ်းများကို လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ထို့အပြင် ပြည်သူလူထုအကြား ဥပဒေဗဟုသုတအသိပညာများ အလွယ်တကူပြန့်နှံ့နိုင်စေရန်နှင့် ဥပဒေဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်း မီစေရန် AI နည်းပညာဖြင့် ဥပဒေအသိ ပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ AI နည်းပညာဖြင့် ဥပဒေဗဟုသုတများ ပြန့်ပွားလာမည်ဟု ယုံကြည်ပါကြောင်း၊ လမ်းညွှန်ချက်အရ ဥပဒေရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည် ကျင့်သုံးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဥပဒေအနှစ်ချုပ် လက်ကိုင်စာအုပ်များ ပြုစု၍ သင်ရိုးညွှန်း တမ်း ရေးဆွဲပြုစု သင်ကြားပို့ချရန်၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာ ရေးအတွက် ဥပဒေအသိပညာပြန့်ပွားရေး အစီအမံများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခွဲဝေချထားပေးသည့် ဘတ်ဂျက်များကို သတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း မှန်မှန် ကန်ကန် အကျိုးရှိစွာအသုံးပြုရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဥပဒေ(မူကြမ်း)များကို စိစစ်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ၁၇-၁-၂၀၂၃ ရက်စွဲပါ ညွှန်ကြား ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားစွဲနှင့်အမှုလိုက် လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမှုလိုက်ဥပဒေအရာရှိများ၏ အရည်အသွေး တိုးတက်ရေးအတွက် အချင်းချင်း အသိပညာဖလှယ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဥပဒေအသိပညာပေးကဏ္ဍအဖြစ် သတင်းတု သတင်းမှားများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်း၍လည်း ကောင်း လက်ကမ်းစာစောင် (၃)မျိုးကို ပြုစုထုတ်ဝေပြီး တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ ချုပ်ရုံးများ မှတစ်ဆင့် အများပြည်သူ သိရှိစေရန် ဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၂၅ ခုနှစ် အတွင်း မှာလည်း ဥပဒေအသိပညာပေးကဏ္ဍ လက်ကမ်းစာစောင်များ ဖြန့်ဝေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်တွင် အမှုကိစ္စရပ် စီမံခန့်ခွဲမှုစနစ်(case management) ကောင်းမွန်စေရန် ရှေ့ပြေးဥပဒေရုံး ၁၈ ရုံးအပြင် မဟာဗျူဟာစီမံ ကိန်း (၂၀၂၅ – ၂၀၂၉)အရ ရှေ့ပြေးဥပဒေရုံးများကို တိုးချဲ့တည်ထောင်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် အတူ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
