ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၁၀ပြည့်နှစ်၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ တို့အရ ဖွဲ့စည်းထားပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ၂(ဋ) အရ အပြည်ပြည်ဆိုင်ရာ၊ဒေသဆိုင်ရာ သိုမဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဌ) အရ နားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်မှတ်တမ်းများ၊ ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းများ နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ်ပေးရန် တာဝန်ရှိပါသည်။ အဆိုပါ ရှေ့နေချုပ်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ဥပဒေအကြံဉာဏ် ပေးရေးဦးစီးဌာနကို ဖွဲ့စည်းထားပါသည်။
ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ နည်းဥပဒေ ၄၂ အရ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာနကို အောက်ပါ ဌာနခွဲများဖြင့် ဖွဲ့စည်းထားပါသည်-
(က) အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာဌာနခွဲ
(ခ) စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ
(ဂ) အထွေထွေဥပဒေအကြံဉာဏ်ပေးရေးဌာနခွဲ
အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံရေးရာဌာနခွဲ
အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံရေးရာဌာနခွဲကို ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ၊ နည်းဥပဒေ ၄၂ (က) အရ ဖွဲ့စည်းထားပါသည်။ ဤဌာနကို ဌာန၂ ၊ ဌာနခွဲ (၄) အဖြစ် ဖွဲ့စည်းသတ်မှတ်ထားပါသည်။
ဥပဒေအကြံဉာဏ်ပေးရသည့် စာချုပ်အမျိုးအစားများ
အပြည်ပြည်ဆိုင်ရာဥပဒေ နှင့် အာဆီယံဥပဒေရေးရာဌာနခွဲသည် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ နည်းဥပဒေ ၄၃ အရ အောက်ဖော်ပြပါ စာချုပ်စာတမ်းများ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးက ဥပဒေအကြံဉာဏ်တောင်းခံသည့်အခါ စိစစ်ပြီး ဥပဒေအကြံဉာဏ်ပေးရပါသည်-
(က) အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ နှင့် ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်း ဆိုင်ရာ စာချုပ်စာတမ်းများ၊
(ခ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက မြန်မာနိုင်ငံအတွင်း ရုံးဖွင့်လှစ်ခြင်းဆိုင်ရာ စာချုပ်စာတမ်းများ၊
(ဂ) လူ့အခွင့်အရေးဆိုင်ရာ စာချုပ်စာတမ်းများ၊
(ဃ) နယ်နိမိတ်သတ်မှတ်ရေး၊ နယ်ခြားဒေသစီမံခန့်ခွဲရေးဆိုင်ရာ စာချုပ်စာတမ်းများ၊
(င) နှစ်နိုင်ငံလေကြောင်းပျံသန်းရေး၊ရေကြောင်းသွားလာရေး၊ကုန်လမ်းပို့်ဆောင်ရေး စာချုပ်စာတမ်းများ၊
(စ) ပတ်ဝန်းကျင်ထိန်းသိမ်းရေး စာချုပ်စာတမ်းများ၊
(ဆ) မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေးဆိုင်ရာ စာချုပ်စာတမ်းများ၊
(ဇ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက နည်းပညာ၊ ငွေရေးကြေးရေး အကူအညီပေးရေး ဆိုင်ရာ စာချုပ်စာတမ်းများ၊
(ဈ) ပြည်ပနိုင်ငံများမှ အစိုးရမဟုတ်သော အဖွဲ့အစည်းက အထောက်အပံ့ပေးသည့် စာချုပ်စာတမ်းများ၊
(ည) နှစ်နိုင်ငံအကြားချုပ်ဆိုမည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံ နှင့် နည်းပညာ၊ ယဉ်ကျေးမှု နှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်စာတမ်းများ၊
(ဋ) စီးပွားရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာ များ၊ ဆွေးနွေးမှုမှတ်တမ်းများ၊ သဘောတူညီမှုမှတ်တမ်းများ၊ အထောက်အပံ့ စီမံကိန်းများ နှင့် အခြား စာချုပ်စာတမ်းများ၊
(ဌ) နည်းဥပဒေခွဲ (က) မှ (ဋ) အထိပါ စာချုပ်စာတမ်းများ နှင့် စပ်လျဉ်း၍ စာချုပ် စာတမ်းများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ သက်တမ်းတိုးခြင်း၊ ရပ်စဲခြင်းဆိုင်ရာ စာချုပ်များ၊
အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ စာချုပ်စာတမ်းများတွင်ပါဝင်ရန် သင့် မသင့် ဥပဒေ အကြံဉာဏ်ပေးခြင်း
အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ စာချုပ်စာတမ်းများတွင်ပါဝင်ရန် သင့် မသင့် ဥပဒေ အကြံပြုချက်တောင်းခံသည့်အခါ အပြည်ပြည်ဆိုင်ရာဥပဒေ နှင့် အာဆီယံဥပဒေရေးရာဌာနခွဲသည် ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ၊ နည်းဥပဒေ ၄၄ အရ အောက်ပါအချက်များကို အခြေခံ စိစစ်ရပါသည်-
(က) အပြည်ပြည်ဆိုင်ရာ ဥပဒေ ၏ အင်္ဂါရပ်များဖြစ်သည့် စာချုပ်ဝင်များ၊ ရည်ရွယ်ချက်၊ အမျိုးအစား၊ လုပ်ငန်းစဉ်၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စာချုပ်၏ဝိသေသလက္ခဏာ၊ စာချုပ်ဖျက်သိမ်းခြင်း၊ပယ်ဖျက်ခြင်း နှင့် ပျက်ပျယ်ခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ သက်တမ်းတိုးခြင်း၊ ပြန်လည်အတည်ပြုခြင်း နှင့် စာချုပ်ပြန်လည်ပေါင်းစည်းခြင်း နှင့် သက်ဆိုင်ရာဏ္ဍများ၊
(ခ) စာချုပ်တွင် ပါဝင်ခြင်းဖြင့်မည်သည့် အချိန်တွင် စတင်အသက်ဝင်မည် ဖြစ်ခြင်း၊
(ဂ) စာချုပ်ကို ခြွင်းချက်ပြုခြင်း၊ အတည်ပြုပါဝင်ကြောင်း အကြောင်းကြားခြင်း၊ စာချုပ် အပ်နှံခြင်း နှင့် ထုတ်ပြန်ကြေငြာခြင်း နည်းလမ်းများ၊
(ဃ) စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နည်းလမ်းများ နှင့် စာချုပ်မှ နှုတ်ထွက်နိုင်သည့် နည်းလမ်းများ၊
(င) အငြင်းပွားမှုဖြေရျင်းခြင်းဆိုင်ရာ နည်းလမ်းများ၊
စာချုပ်စာတမ်းများစိစစ်ရာတွင် အဓိကထားစိစစ်ရသည့် အချက်များ
အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အာဆီယံ ဥပဒေရေးရာဌာနခွဲသည် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ နည်းဥပဒေ ၄၅ အရ စာချုပ်စာတမ်းများ စိစစ်ရာတွင် အောက်ပါအချက်များကို အဓိကအားဖြင့် အခြေခံ၍ စိစစ်ရပါသည်-
(က) စာချုပ်တွင် ပါဝင်ခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်း ရှိ မရှိ ၊
(ခ) စာချုပ်ပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ များ နှင့် ဆန့်ကျင်မှု ရှိ မရှိ၊
(ဂ) စာချုပ်တွင်ပါဝင်ခြင်းဖြင့် နိုင်ငံတော် နှင့် အများပြည်သူတို့အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းဖွယ်ရာ ရှိ မရှိ၊
(ဃ) စာချုပ်တွင်ပါဝင်ခြင်းကိုအကြောင်းပြု၍ နိုင်ငံတော်၏တည်ဆဲဥပဒေများကို ပြင်ဆင် ရန် သော်လည်းကောင်း၊ ဥပဒေ အသစ်ပြဋ္ဌာန်းရန် သော်လည်းကောင်း လိုအပ်ခြင်း ရှိ မရှိ
(င) စာချုပ်ဝင် ပါဝင်ခြင်း ဖြင့် နိုင်ငံတော်က ဆောင်ရွက်ပေးရမည့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များရှိ မရှိ၊
(စ) စာချုပ်တွင် ပါဝင်ခြင်းဖြင့် နိုင်ငံတော်အပေါ် ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်ဖွယ်ရာ ရှိ မရှိ ၊
(ဆ) နှစ်နိုင်ငံတန်းတူရည်တူရှိမှု အပေါ် အခြေခံထားခြင်း ရှိ မရှိ၊
(ဇ) နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ထားခြင်း ရှိ မရှိ၊
(ဈ) မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကျွမ်းကျင်မှု အကူအညီ နှင့် အထောက်အပံ့များသည် အနှောင်အဖွဲ့များပါရှိခြင်း ရှိ မရှိ၊
(ည) စာချုပ်တွင် ပါဝင်ခြင်းဖြင့် နိုင်ငံတော်တွင် အခြားတာဝန်များ တင်ရှိလာနိုင်ခြင်း ရှိ မရှိ၊
(ဋ) စာချုပ်တွင် ပါဝင်ခြင်းမပြုမီ ပြည်ထောင်စုလွှတ်တော် ၏ အတည်ပြုချက် ရယူရန် လိုအပ်ခြင်း ရှိမရှိ၊
ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ နည်းဥပဒေ ၄၅ အရ အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အဆီယံဥပဒေရေးရာဌာနခွဲသည် အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ စာချုပ် စာတမ်းများကို စိစစ်ပြီး နည်းဥပဒေ ၄၃ အရ ဥပဒေ အကြံဉာဏ်ပေးရာတွင်-
(က) နိုင်ငံတော်အတွက် ထိခိုက်နစ်နာနိုင်သည့် အချက်များကို တွေ့ရှိပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက သိရှိသတိမူနိုင်ရန် ထောက်ပြ အကြံပြုရပါသည်။
(ခ) ဥပဒေကြောင်းအရ သုံးသပ်တွေ့ရှိချက်များ၊ပြင်ဆင်ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန် လိုအပ်သည့်အချက်များ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ပြန်လည်စိစစ် သုံးသပ်သင့်သည့်အချက်များ ဆက်လက်ဆောင်ရွက်ရမည့်အချက်များ၊ သတိပြုသင့် သည့်အချက် များကို ထည့်သွင်းဖော်ပြ၍အကြံပြုရပါသည်။
(ဂ) ချုပ်ဆိုပြီးသော စာချုပ်မိတ္တူများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းထံ တောင်းခံပြီး မှတ်တမ်းတင်ထားရှိရပါသည်။
(ဃ) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ပေးပို့သော စာချုပ်မိတ္တူများကို ရှေ့နေချုပ် ရုံး၏ အကြံပြုချက် နှင့်အညီ ဆောင်ရွက်ထားမှု ရှိ မရှိ၊ လုပ်ငန်း လိုအပ်ချက်အရ ပြင်ဆင်ချုပ်ဆိုထားသည့်အချက်များ ပါ မပါ စိစစ်ပြီး တွေ့ရှိချက်ကို မှတ်တမ်းတင် ထားရပါသည်။ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းသို့ အသိပေး အကြောင်း ကြားပါသည်။
အခြားတာဝန်များ
ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ နည်းဥပဒေ ၄၇ အရ အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အာဆီယံဥပဒေရေးရာဌာနခွဲသည် အောက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အကူအညီ တောင်းခံသည့်အခါတွင် လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်က တာဝန်ပေးအပ်သည့်အခါတွင် လည်းကောင်း ဆောင်ရွက်ရပါသည်။
(က) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် နိုင်ငံတကာအစည်းအဝေးများ တက်ရောက်ခြင်း၊နိုင်ငံတော်ကိုယ်စားဆွေးနွေးခြင်း၊စာတမ်းဖတ်ခြင်း၊ဥပဒေရေးရာစိစစ်မှုများပြုလုပ်ခြင်း၊
(ခ) အပြည်ပြည်ဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ စာချုပ်စာတမ်းများ ရေးသားပြုစုရာ တွင် နိုင်ငံတော်ကိုယ်စား ပါဝင် ဆွေးနွေးခြင်း၊
(ဂ) အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ အနုညာတစီရင် ဆုံးဖြတ်ခြင်း ဆိုင်ရာခုံရုံးများတွင် နိုင်ငံတော်က ဖြေရှင်းရန်တာဝန်ရှိသည့်ကိစ္စများ၌ အကြံပေး ခြင်း၊ ပါဝင်ဆွေးနွေးခြင်းနှင့် လိုက်ပါဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်က အတည်ပြုပါဝင်ထားသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များ နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ တာဝန် ရှိမှုအရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ခံဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်အဆင့် အစီရင်ခံစာများတွင် ဥပဒေရှုထောင့် မှ ပါဝင်ဆွေးနွေးခြင်း၊ အကြံပေး ဆောင်ရွက်ခြင်း၊
(င) အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာများ နှင့် စပ်လျဉ်း၍ အခြားဌာနဆိုင်ရာ များ နှင့် ဆက်စပ်ဆောင်ရွက်ခြင်း၊
(ဇ) ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ယူဆောင်ရွက်ရသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာများ နှင့် စပ်လျဉ်း၍ ဥပဒေအထောက်အကူပြု ဆောင်ရွက်ခြင်း၊
(ဆ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာစာချုပ်များ ချုပ်ဆိုရန်အတွက် အကြိုညှိနှိုင်း ဆွေး နွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(ဇ) ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယင်းတို့၏ တာဝန်ပေးအပ်ခြင်းခံရသည့် ဥပဒေအရာရှိတို့၏ အထူးတာဝန်တစ်ရပ်ဖြစ်သော အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ ဥပဒေရေးရာကိစ္စများဆောင်ရွက်ရာ၌ ပါဝင် အထောက်အကူ ပြုခြင်း စသည်တို့ လုပ်ဆောင်ရပါသည်။
ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ ၄၉(ခ) အရ စီးပွားရေးစာချုပ်စာတမ်းဌာနခွဲအနေဖြင့် စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ က ဥပဒေအကြံဉာဏ်တောင်းခံလာသည့်အခါ စိစစ်ပြီး ဥပဒေအကြံဉာဏ်ပေးရပါသည်။ အဆိုပါ စီးပွားရေးစာချုပ်စာတမ်းများမှာ –
(က) ဖက်စပ်စာချုပ်
(Joint Venture Agreement)
(ခ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
(Memorandum of Association & Article & of Association)
(ဂ) မြေငှားစာချုပ်များ၊ အဆောက်အအုံငှားရမ်းသည့်စာချုပ်များ
(Lease Agreement)
(ဃ) တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်းသည့်စာချုပ်များ
Build, Operate and Transfer Contract)
(င) ပြည်ပမှ ပစ္စည်းဝယ်ယူရေးစာချုပ်များ
(Supply Contract)
(စ) ငွေချေးစာချုပ်များ
(Loan Agreement)
(ဆ) ရေနံနှင့် သတ္တုရှာဖွေတူးဖော်ထုတ်လုပ်ရေးဆိုင်ရာစာချုပ်များ၊
(Production Sharing Contract)
(ဇ) စီးပွားရေးဆိုင်ရာ စာချွန်လွှာများ၊ နားလည်မှုမှတ်တမ်းများ၊
(Memorandun of Understarding)
(ဈ) ပြည်ပမှ အတိုင်ပင်ခံငှားရမ်းရေးစာချုပ်များ
(Consultancy Agreement)
(ည) ပြည်တွင်းရောင်းဝယ်ရေးစာချုပ်များ
(Sale Contract)
(ဋ) ဆောက်လုပ်ရေးစာချုပ်များ
(Construction Agreement)
(ဌ) တင်ဒါခေါ်ယူရေးစာချုပ်များ
(Tender Documents)
(ဍ) စီးပွားရေးဆိုင်ရာ အခြားစာချုပ်စာတမ်းများ
(Others) တို့ဖြစ်ပါသည်။
ယင်းစာချုပ်များကို စိစစ်ရာတွင် အောက်ပါအချက်များကို အခြေခံ၍စိစစ်ရပါသည်။
(က) နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်ပါက မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ညီညွတ် ခြင်းရှိ မရှိ၊
(ခ) ဖက်စပ်ကုမ္ပဏီဖွဲ့စည်းရေးကိစ္စဖြစ်ပါက မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီအက်ဥပဒေတို့နှင့် ညီညွတ်ခြင်းရှိ မရှိ၊
(ဂ) စာချုပ်ပါစည်းကမ်းချက်များသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများဖြစ်သော
– နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ
– ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေ
– မှတ်ပုံတင်အက်ဥပဒေ
– မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ
– ပဋိညာဉ်အက်ဥပဒေ
– မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ
– မြန်မာ့သတ္တုတွင်းဥပဒေ
(ဃ) အစိုးရအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် အမိန့်များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီခြင်းရှိ မရှိ၊
(င) စာချုပ်ပါအငြင်းပွားမှုဖြေရှင်းရန်နည်းလမ်းများ၊ စာချုပ်ကို လွှမ်းမိုးသည့် ဥပဒေ သတ်မှတ်ချက်များသည် မြန်မာနိုင်ငံ၏ တရားဥပဒေစနစ်နှင့်ကိုက်ညီခြင်းရှိ မရှိ၊ လုပ်ငန်းလိုအပ်ချက်အရ ခြွင်းချက်အနေဖြင့်လက်ခံသင့် မသင့်၊
(စ) တရားမျှတမှုမရှိသည့် စည်းကမ်းချက်များနှင့် မလျော်ကန်သော သတ်မှတ်ချက်များ ပါဝင်ခြင်းရှိ မရှိ၊
(ဆ) စာချုပ်ပါတစ်ရပ်တွင် ပါရှိမြဲဖြစ်သော အောက်ပါဥပဒေရေးရာစာပိုဒ်များပါရှိခြင်းရှိ မရှိ –
(၁) စာချုပ်နှင့်သက်ဆိုင်သည့်ဥပဒေ (Governing Law)
(၂) အငြင်းပွားမှုကို ဖြေရှင်းခြင်း (Settlement of Disputes) (Arbitration) သို့မဟုတ် အနုညာတစီရင်ဆုံးဖြတ်ခြင်း
(၃) မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure)
(၄) စာချုပ်စတင်အကျိုးသက်ရောက်သည့်နေ့ရက် (Effective Date)
(၅) စာချုပ်ပြင်ဆင်ခြင်း (Modification)
(၆) စာချုပ်ရပ်စဲခြင်း (Termination)
(ဇ) ကုန်စည်ရောင်းဝယ်ရေးကိစ္စရပ်များတွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ရောင်းချရေး စည်းကမ်းချက်များ (Incoterms)များနှင့်ကိုက်ညီမှုရှိ မရှိ၊
(ဈ) နိုင်ငံတော်အတွင်းဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းတွင် အကဲဖြတ်ဆန်းစစ်ချက် ရယူရန် လိုအပ်သည့် စာချုပ်ဖြစ်ပါက အောက်ပါအချက်များပါရှိခြင်းရှိ မရှိ –
(၁) သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment – EIA)၊
(၂) လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Social Impact Assessment – SIA)၊
(၃) ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း (Health Assessment – HIA)၊
(၄) ယဉ်ကျေးမှုအမွေအနှစ်များထိခိုက်မှုဆန်းစစ်ခြင်း (Cultural Heritage Assessment – CHIA)၊
(၅) လူမှုစီးပွားတာဝန်ယူမှုဆန်းစစ်ခြင်း (Corporate Social Responsibility – CSR)။
အထက်ပါအချက်များကို အခြေခံ၍ စိစစ်ပြီးနောက် အကြံဉာဏ်ပေးရာတွင် အောက်ပါ အတိုင်း ဆောင်ရွက်ရပါသည် –
(က) နိုင်ငံတော်အတွက် ထိခိုက်နစ်နာနိုင်သည့် အချက်များကို တွေ့ရှိပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက သိရှိသတိမူနိုင်ရန် ထောက်ပြအကြံ ပြုရမည်။
(ခ) ဥပဒေကြောင်းအရ သုံးသပ်တွေ့ရှိချက်များ၊ ပြင်ဆင်ဖြည့်စွက်ရန်၊ ပယ်ဖျက် ရန်လိုအပ်သည့်အချက်များ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ပြန်လည်စိစစ်သုံးသပ်သင့်သည့်အချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့် အချက်များ၊ သတိပြုသင့်သည့်အချက်များကို ထည့်သွင်းဖော်ပြ၍ အကြံပြုရ မည်။
(ဂ) ချုပ်ဆိုပြီးသောစာချုပ်မိတ္တူများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း ထံမှ တောင်းခံပြီး မှတ်တမ်းတင်ထားရှိရမည်။
(ဃ) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ပေးပို့သောစာချုပ်မိတ္တူများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့်အညီ ဆောင်ရွက်ထားမှုရှိ မရှိ၊ လုပ်ငန်း လိုအပ်ချက်အရ ပြင်ဆင်ချုပ်ဆိုထား သည့် အချက်များပါ မပါ စိစစ်ပြီး တွေ့ရှိချက်ကို မှတ်တမ်းတင်ထားရမည်။ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရ ဌာန၊ အဖွဲ့အစည်းသို့ အသိပေးအကြောင်းကြားရမည်။
စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်ပေးရာတွင် ဌာနနှင့်ကုမ္ပဏီတို့အကြား နှစ်ဖက်အပြီး သတ်ညှိနှိုင်းထားသော စာချုပ်(မူကြမ်း) (Final Draft) ကိုစိစစ်ပေးခြင်းဖြစ်ပြီး အစိုးရဌာန အသီးသီး ကိုကိုယ်စားပြုဆောင်ရွက်ပေးရခြင်း၊ လိုအပ်သောဥပဒေအကြံဉာဏ်ပေးရခြင်းဖြစ် ပါသည်။ ဌာန၏ အကျိုးစီးပွားထိခိုက်နိုင်မှုရှိ မရှိ၊ စာချုပ်တွင်ပါဝင်သော အချက်အလက်များသည် တစ်ဖက်စာချုပ်ဝင် များအတွက်သာတူညီမှုရှိ မရှိ၊ တရားမျှတမှုရှိ မရှိ စိစစ်ပေးရပါသည်။
အထွေထွေဥပဒေအကြံဉာဏ်ပေးရေးဌာနခွဲ
အထွေထွေ ဥပဒေအကြံဉာဏ်ပေးရေးဌာနခွဲသည် အောက်ပါလုပ်ငန်းများကို အကြံပေးပါသည်-
ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂(ဂ)၊ နည်းဥပဒေ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈ ပါ ပြဋ္ဌာန်းချက်များအရ တရားစွဲမတင်မီ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် သက်ဆိုင်ခြင်း မရှိသော ကိစ္စရပ်များကိုသာ စိစစ်အကြံဉာဏ်ပေးခြင်း၊
ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ ၅၃ (က) နှင့်အညီ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ (သို့မဟုတ်) အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စု၀န်ကြီးဌာနတစ်ခုခု (သို့မဟုတ်) ပြည်ထောင်စု နယ်မြေအုပ်ချုပ်ရေးအဖွဲ့တို့က ဥပဒေအကြံဉာဏ်တောင်းခံသော ကိစ္စရပ်များကိုသာ စိစစ် အကြံဉာဏ်ပေးခြင်း၊
ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ ၅၃(ခ) အရ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဥပဒေချုပ်ရုံးက လမ်းညွှန်မှု တောင်းခံလာသော ကိစ္စရပ်များကို စိစစ်အကြံဉာဏ်ပေးခြင်း၊