တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများအရ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနကို အောက်ပါ ဌာနခွဲများဖြင့် ဖွဲ့စည်းထားပါသည်−

     (က) တရားမစွဲမီဥပဒေအကြံဉာဏ်ပေးရေးနှင့် တင်ပြချက်များစိစစ်ရေးဌာနခွဲ

     (ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြစ်မှုဆိုင်ရာ အမှုလိုက်ဌာနခွဲ

     (ဂ) ပြစ်မှုဆိုင်ရာအယူခံ၊ ပြင်ဆင် စိစစ်ရေးဌာနခွဲ

     (ဃ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအတွက် အမှုလိုက်ဌာနခွဲ၊

     (င) တရားမဆိုင်ရာအမှုလိုက်ဌာနခွဲ

တရားမစွဲမီဥပဒေအကြံဉာဏ်ပေးရေးနှင့် တင်ပြချက်များစိစစ်ရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၁။      တရားမစွဲမီဥပဒေအကြံဉာဏ်ပေးရေးနှင့် တင်ပြချက်များစိစစ်ရေးဌာနခွဲ အနေဖြင့် တရားစွဲအဖွဲ့ အစည်းများသို့ တရားမစွဲမီဥပဒေအကြံဉာဏ်ပေးခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေ ချုပ်ရုံးများမှ လမ်းညွှန်အကြံပြုချက်တောင်းခံလာခြင်းအပေါ် လမ်းညွှန်အကြံပြုခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက ခရိုင်ဥပဒေရုံးများ၏ ဥပဒေအကြံပြုချက်များအပေါ် အတည်ပြုချက် နှင့် ပြင်ဆင် အကြံပြုချက်မိတ္တူများကိုစိစစ်ခြင်း၊ တင်ပြစာ/တိုင်စာများအပေါ် စိစစ်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီဆောင်ရွက်ပါသည်။ (ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေ ၆၁)

၂။      တရားမစွဲမီဥပဒေအကြံဉာဏ်ပေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ တရားစွဲအဖွဲ့အစည်းများမှ တိုက်ရိုက်ဥပဒေအကြံဉာဏ် တောင်းခံသည့်ကိစ္စများတွင် ဥပဒေအကြံဉာဏ်ပေးခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တိုက်ရိုက်ဥပဒေအကြံဉာဏ်တောင်းခံသည့်အခါ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများမှ ဥပဒေအကြံပြုချက် လမ်းညွှန်မှု တင်ပြတောင်းခံခြင်းတို့အပေါ် လမ်းညွှန်အကြံပြုပြန်ကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ် ရုံးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်ဥပဒေရုံးများ၏ အကြံပြုချက် များအပေါ် ပြင်ဆင်ချက်မိတ္တူနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများက ခရိုင်ဥပဒေရုံးများ၏ အကြံပြုချက်များအပေါ် အတည်ပြုချက်မိတ္တူများကို စိစစ်၍ အတည်ပြုခြင်း၊ ပြင်ဆင်အကြံပြုခြင်း နှင့် ပြင်ဆင်အကြံပြုရန် ညွှန်ကြားခြင်းတို့ကို ဆောင်ရွက်ပါသည်။ (ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေ ရ၂၊ ၈၁ (ဃ)၊ ၈၂ (ဂ)၊ ၈၂ (ခ) )

၃။      ပြည်ထောင်စုရှေ့နေချုပ်ရုံးကဖြစ်စေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ခွင့်ပြုချက်အရ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးကဖြစ်စေ ရဲစက္ကူအမှုတွဲ(မူရင်း)ကို တောင်းယူကြည့်ရှုခြင်း၊ ယင်းအမှုနှင့် စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်ရေးကို အမြန်ဆုံးစိစစ်ပြီး သဘောထားမှတ်ချက်၊ လမ်းညွှန် ချက်တို့နှင့်အတူ ရဲစက္ကူအမှုတွဲ(မူရင်း)ကို သက်ဆိုင်ရာဥပဒေရုံးသို့ ပြန်လည်ပေးပို့ခြင်း၊ တင်ပြစာ/ တိုင်စာများအား စိစစ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ တင်ပြစာ/တိုင်စာများကို စိစစ်၍ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့၏ မှတ်ချက်များအရလည်းကောင်း၊ မိမိဌာနခွဲအတွင်းရှိ တိုင်စာစိစစ်သည့် ဥပဒေအရာရှိများ၏ စိစစ်တွေ့ရှိချက်အရ လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ် သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိအား စိစစ် တင်ပြစေခြင်း၊ စိစစ်စေရန်ပေးပို့ခြင်း၊ သက်ဆိုင်ရာ ဥပဒေရုံးအား ဥပဒေ နှင့်အညီ  ဆောင်ရွက်နိုင်ရေးအတွက် အကြောင်းကြားခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်က လိုအပ်သလို ဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးပို့ခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖြစ်စေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ခွင့်ပြုချက်အရ တိုင်းဒေသကြီး/ သက်ဆိုင်ရာ ဥပဒေအရာရှိအား ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ အရာရှိအား ကြီးကြပ် စေခြင်းတို့ကို ဆောင်ရွက်ရပါသည်။ ဥပဒေအကြံပြုချက်အပေါ် တိုင်ကြားခြင်းဖြစ်ပါက  ပြည်ထောင်စု ရှေ့နေချုပ်/ ဒုတိယရှေ့နေချုပ်တို့၏ မှတ်ချက်အရ ရဲစက္ကူအမှုတွဲတောင်းယူ စိစစ်ပြီး စိစစ်တွေ့ရှိချက် အရ အမှုတွဲပါ ပေါ်ပေါက်ချက်အပေါ် ဥပဒေနှင့်အညီ ဥပဒေအကြံပြုချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဥပဒေ အကြံဉာဏ်ပေးရခြင်းမရှိသေး သည့်ကိစ္စအပေါ် တိုင်ကြားပါက ဥပဒေနှင့်အညီ အကြံပြုရန် ညွှန်ကြားခြင်းတို့ကို  ဆောင်ရွက်ပါသည်။  (ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေ ၈၅၊ ၈၆၊ ၈၈ ၊ ၈၉ ၊ ၉၀)

၄။      သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ် သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ အရာရှိတို့က တင်ပြစာ/တိုင်စာအပေါ် စိစစ်တင်ပြလာပါက စိစစ်တင်ပြချက် သင့်လျော်မှန်ကန်မှု ရှိမရှိ စိစစ်ပြီး အဆင့်ဆင့်တင်ပြ၍ ပြည်ထောင်စုရှေ့နေချုပ်၏ အဆုံးအဖြတ်ခံယူရပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ် သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိ၏ တင်ပြစာ/ တိုင်စာအပေါ် စိစစ်တွေ့ရှိချက်များအရ သက်ဆိုင်ရာ ဥပဒေအရာရှိအား အသိပေးခြင်း၊ ဥပဒေနှင့် အညီ ဆောင်ရွက်စေရန် ကြီးကြပ်စေခြင်းတို့ကို စာထုတ်၍ ဆောင်ရွက်ပါသည်။

၅။      နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် လွှတ်တော်ရေးရာကော်မတီများက ၄င်းတို့ထံ  ရောက်ရှိလာသော တင်ပြစာ/တိုင်စာများအပေါ် စိစစ်တင်ပြရန် သို့မဟုတ် အမှုအခြေအနေ အား တင်ပြရန် အကြောင်းကြားလာပါက အချိန်နှင့်တစ်ပြေးညီ  ပြန်လည်တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများသို့  ဆောလျင်စွာ စိစစ်တင်ပြစေပြီး နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့သို့ အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြခြင်းများ  ဆောင် ရွက်ပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ၄င်းထံရောက်ရှိလာသော တင်ပြစာ/ တိုင်စာများသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် သက်ဆိုင်သဖြင့် လွှဲပြောင်းပေးပို့ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများသို့ စိစစ်ဆောင်ရွက်စေခြင်းများ ပြုလုပ်၍ လိုအပ်သလို  ဆောင်ရွက်လျက်ရှိပါသည်။

၆။      ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားမစွဲမီဥပဒေအကြံဉာဏ်ပေးရေးနှင့် တင်ပြချက်များစိစစ်ရေး ဌာနခွဲအနေဖြင့် တရားစွဲအဖွဲ့အစည်းများသို့ တရားမစွဲမီဥပဒေအကြံဉာဏ်ပေးခြင်း၊ ၀န်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ ဥပဒေအကြံဉာဏ်ပေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ ချုပ်ရုံးများသို့ လမ်းညွှန်အကြံပြုခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်ဥပဒေရုံးများ၏ အကြံပြုချက်များ အပေါ် ပြင်ဆင်ချက်မိတ္တူနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများက ခရိုင်ဥပဒေရုံးများ၏ အကြံပြုချက် များအပေါ် အတည်ပြုချက်မိတ္တူတို့ကို စိစစ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းတို့ကိုလည်းကောင်း၊ တင်ပြစာ/ တိုင်စာများအပေါ် စိစစ်ခြင်းလုပ်ငန်းများကိုလည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ  ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြစ်မှုဆိုင်ရာ အမှုလိုက်ဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၇။      ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြစ်မှုဆိုင်ရာအမှုလိုက်ဌာနခွဲသည် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ ၁၂ ၊ ပုဒ်မခွဲ (ဆ) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြစ်မှုများနှင့်စပ်လျဉ်း၍ မူလမှု၊ ပြင်ဆင်မှု၊ အယူခံမှု၊ သေဒဏ်အတည်ပြုမှု၊ အထွေထွေလျှောက်ထားမှုနှင့် အထူးအယူခံမှုများကို နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ရပါသည်။ ထို့ပြင် နိုင်ငံတော်ပါဝင်သောအမှုများတွင် ရုံးသဟာသအဖြစ် လိုက်ပါဆောင်ရွက်ရပါသည်။

၈။       ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြစ်မှုဆိုင်ရာအမှုလိုက်ဌာနခွဲသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသော သေဒဏ်ထိုက်သည့်ပြစ်မှုဖြင့် စွပ်စွဲခံရသော ဆင်းရဲနွမ်းပါးသည့် တရားခံအတွက် ရှေ့နေငှားရမ်းပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အကြောင်း ကြားလာပါကအစိုးရစရိတ်ဖြင့် ရှေ့နေငှားရမ်းပေးရန် ဆောင်ရွက်ရပြီးအဆိုပါအမှုတွင် တရားလွှတ်တော်ရှေ့နေအဖြစ်  လိုက်ပါခွင့်ပြုကြောင်းစာဖြင့် တာဝန်ပေးအပ်သည့်ကိစ္စကိုလည်း ဆောင်ရွက်ရပါသည်။

၉။      ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြစ်မှုဆိုင်ရာအမှုလိုက်ဌာနခွဲသည်ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ကြားနာသော ရာဇဝတ်အယူခံမှုနှင့် ပြင်ဆင်မှုများတွင် အပြီးသတ်ချမှတ်သည့်အမိန့်ကို အထူးအယူခံဝင်သင့်ကြောင်း စိစစ်တွေ့ရှိပါက ကာလစည်းကမ်း သတ်ရက်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အထူးအယူခံဝင်ရောက်ရန် ဆောင်ရွက်ရပါသည်။

၁၀။    ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြစ်မှုဆိုင်ရာအမှုလိုက်ဌာနခွဲ၏အထူးအယူခံခုံရုံး သို့မဟုတ် စုံညီခုံရုံးဖြင့် စစ်ဆေးစီရင်ထားသည့် အမှုမှအပ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ်စစ်ဆေးစီရင်ထားသည့်မည်သည့်အမှုကိုမဆို အများပြည်သူအကျိုးငှာ အရေးယူလောက်သည့် ပြဿနာကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၀ အရ အထူးအယူခံခုံရုံး သို့မဟုတ် စုံညီခုံရုံးဖြင့် ပြန်လည်စစ်ဆေးစီရင်ရန် လျှောက်ထားရပါသည်။

၁၁။    ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြစ်မှုဆိုင်ရာအမှုလိုက်ဌာနခွဲသည် မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရှေ့နေချုပ်၏တာဝန်ပေးချက်အရ ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ကြည့်ရှုစိစစ်ရန် လိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် သက်ဆိုင်ရာတရားရုံးများ၊ တရားစွဲအဖွဲ့အစည်းထံမှ လိုအပ်သည့်အမိန့်နှင့် စီရင်ချက်၊ ဆုံးဖြတ်ချက်၊ အမှုတွဲနှင့် အခြားစာရွက်စာတမ်းများကို တောင်းယူရန် လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။

၁၂။  နိုင်ငံတော်ကတင်သွင်းသည့်ရာဇဝတ်အယူခံမှု/ပြင်ဆင်မှု/အထွေထွေလျှောက်ထားမှုများတွင် အယူခံတရားခံ/လျှောက်ထားခံရသူများ၏နေရပ်လိပ်စာမှာ ဆင့်စာအတည်မဖြစ်၍ လိပ်စာသစ် တင်ပြရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းခံလာပါက လိပ်စာသစ် တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံး များသို့ အကြောင်းကြားပြီး လိပ်စာသစ်မရရှိပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ က အရ အမှုယာယီပိတ်သိမ်းရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားတင်ပြ ဆောင်ရွက်ရပါသည်။

ပြစ်မှုဆိုင်ရာအယူခံ၊ ပြင်ဆင်စိစစ်ရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၁၄။    ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂(စျ) နှင့် ပုဒ်မ ၁၃(ဃ) တို့အရ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ပြစ်မှုဆိုင်ရာအယူခံ၊ ပြင်ဆင်စိစစ်ရေးဌာနခွဲသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တစ်ခုခုက ချမှတ်သော စီရင်ချက်၊ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် သက်ဆိုင်သော အမှုများတွင် အယူခံ သို့မဟုတ် ပြင်ဆင်မှု တင်သွင်းရန်လိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံမှု၊ ပြင်ဆင်မှု၊ အထူးအယူခံမှုများကို ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်တင်ပြရန် တာဝန်ရှိပါသည်။

၁၅။    ပြစ်မှုဆိုင်ရာအယူခံ၊ ပြင်ဆင်စိစစ်ရေးဌာနခွဲသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများက အယူခံမှု၊ ပြင်ဆင်မှု တင်သွင်းပေးပါရန် တင်ပြလာမှုများအပေါ် ပြင်ဆင်မှု သို့မဟုတ် အယူခံမှု တင်သွင်းရန် သင့်-မသင့် စိစစ်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က တစ်ဆင့် ညွှန်ကြားရေးမှူးချုပ်၊ တရားစွဲနှင့် အမှုလိုက် ဦးစီးဌာနသို့ တင်ပြရပါသည်။ ညွှန်ကြားရေးမှူးချုပ်က စိစစ်ပြီး ဒုတိယရှေ့နေချုပ်ထံ တင်ပြ၍ ဒုတိယရှေ့နေချုပ်က ပြင်ဆင်မှု တင်သွင်းရန် သို့မဟုတ် အယူခံမှုဝင်ရန် ဆုံးဖြတ်ပါက ပြင်ဆင်မှုတင်မည့် သို့မဟုတ် အယူခံ ဝင်မည့် လျှောက်လွှာစာကြမ်း ပြုစုအတည်ပြုချက်ရယူပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု သို့မဟုတ် အယူခံဝင်သည့် လျှောက်လွှာတင်သွင်း ဆောင်ရွက်ပါသည်။ ဒုတိယ ရှေ့နေချုပ်က ပြင်ဆင်မှုမတက်သင့်ကြောင်း သို့မဟုတ် အယူခံမဝင်သင့်ကြောင်း စိစစ်တွေ့ရှိရပါကသဘောထားမှတ်ချက်ဖြင့်ပြည်ထောင်စုရှေ့နေချုပ်ထံတင်ပြ၍အဆုံးအဖြတ်ရယူပါသည်။ ပြင်ဆင်မှု၊ အယူခံမှု တင်သွင်းလျှောက်ထားရန် သင့်၊မသင့်ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများသို့ ပြန်ကြားပါသည်။

၁၆။    တရားစွဲအဖွဲ့အစည်းများဖြစ်သည့် မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဌာနတို့မှ တင်ပြလာသော တိုင်းဒေသကြီး/ပြည်နယ်တစ်ခုမှတစ်ခုသို့ တရားခံထုတ်ရန် အခက်အခဲကြောင့် ရုံးပြောင်းလျှောက်ထားလိုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း အလားတူ အဆင့်ဆင့် စိစစ်တင်ပြဆုံးဖြတ်မှုခံယူ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ရာဇဝတ်အထွေထွေမှုတင်သွင်း ခြင်းကို ဆောင်ရွက်ပါသည်။

၁၇။    တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များအပေါ် နစ်နာသူများက တင်ပြ တိုင်တန်းခြင်းနှင့် စပ်လျဉ်း၍ တင်ပြစာအပေါ် စိစစ်ပြီး အလားတူပင် အဆင့်ဆင့် တင်ပြကာ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ဆုံးဖြတ်ချက်ရယူကာ ပြင်ဆင်မှု၊ အယူခံမှုတင်သွင်းရန် ဆုံးဖြတ်ပါက သက်ဆိုင်ရာတရားရုံး သို့ ပြင်ဆင်မှု၊ အယူခံမှု တင်သွင်းရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများသို့ အကြောင်းကြားခြင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်သွင်းရန် ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများသို့ သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်၏ စီရင်ချက်၊ တာဝန်ခံမိတ္တူများ တောင်းခံ၍ ပြင်ဆင်မှုအယူခံမှုတင်သွင်းဆောင်ရွက်ပါသည်။

၁၈။    ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကချမှတ်ခဲ့သည့်အမိန့်အပေါ် အထူးအယူခံမှု တင်သွင်း ပေးပါရန် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် နစ်နာသူအမှုသည်ကလျှောက် ထားလာသည့်အပေါ်စိစစ်ပြီး အဆင့်ဆင့်တင်ပြကာ ပြည်ထောင်စုရှေ့နေချုပ်၏ ဆုံးဖြတ်ချက်နှင့် အညီ ဆောင်ရွက်ပါသည်။

၂၀။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများမှ အမှုလိုက်ပါ ဆောင်ရွက်သည့် အမှု အမိန့်ချသဖြင့် တင်ပြလာသော ဥပရအမှုလိုက် ပုံစံ(၅)များကို အတည်ပြုသင့်-မသင့် စိစစ် တင်ပြပါသည်။ လိုအပ်ချက်များရှိပါက ပြည့်စုံစွာ ဖြည့်စွက်ဆောင်ရွက်စေရန်လည်းကောင်း၊ တရားရုံး အဆင့်ဆင့်၏ စီရင်ချက်အမိန့်များတောင်းခေါ်စိစစ်ရန်လိုအပ်ပါက ကူးယူပေးပို့ရန်လည်းကောင်း ညွှန်ကြားရေးမှူးချုပ်၏ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများသို့ အကြောင်းကြားပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးက ပြန်လည် တင်ပြလာပါက စိစစ်၍ ဒုတိယရှေ့နေချုပ်/ ပြည်ထောင်စုရှေ့နေချုပ်တို့ထံ တင်ပြကာ ပြင်ဆင်မှု၊ အယူခံမှု တင်သွင်းသင့်သည်ဟု ဆုံးဖြတ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု၊ အယူခံမှုတင်သွင်းပါသည်။ သက်ဆိုင်ရာ တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုတင်သွင်းရန်ဖြစ်ပါက ပြင်ဆင်မှုတင်သွင်းရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးသို့ ညွှန်ကြားပါသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအတွက် အမှုလိုက်ဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၂၁။      ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအတွက် အမှုလိုက်ဌာန အနေဖြင့် ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ၁၂ (င)၊ ၂၀၁၄ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၁၇ နှင့် ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၀ (က) အရ  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်  လျှောက်ထားသည့် စာချွန်တော်အမိန့်လျှောက်ထားမှု၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လိုက်ပါဆောင်ရွက်ရသည့်အမှုတို့တွင် နိုင်ငံတော်ဘက်မှ ဖြစ်စေ၊  ရုံးသဟာယအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား ဥပဒေနှင့်အညီ လိုက်ပါဆောင်ရွက်ရပါသည်။

၂၂။    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တရားစွဲနှင့်အမှုလိုက် ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရုံးသဟာယအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား အမှု လိုက်ပါဆောင်ရွက်ပါသည်။

၂၃။  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ စိစစ်ကြားနာရာတွင်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အယူခံမှုကြားနာရာတွင်လည်းကောင်း၊ ဤအမှုလိုက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး အဆင့်ထက်မနိမ့်သော ဥပဒေအရာရှိတစ်ဦးက ရုံးသဟာယအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား ဆောင်ရွက်ရပြီး ဥပဒေအကြံဉာဏ်တောင်းခံသည့်အခါ ဥပဒေနှင့်အညီ အကြံပြုရပါသည်။

၂၄။  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်ထားသည့် စာချွန်တော် အမိန့် လျှောက်ထားမှု၌ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာနည်းဥပဒေများနှင့်အညီ ဤအမှုလိုက်ဌာနခွဲ၏ ညွှန်ကြားရေးမှူးက စာချွန်တော်အမိန့် လျှောက်ထားမှုများတွင် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့ရှေ့၌ ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား အမှုလိုက်ပါဆောင်ရွက်လျက်ရှိပါသည်။

၂၅။     စာချွန်တော်အမိန့် လျှောက်ထားခံရသည့် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများသည် စာချွန်တော်အမိန့်လျှောက်ထားမှုတွင် ယင်းတို့ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက လိုက်ပါဆောင်ရွက်ပေးပါရန် အကြောင်းကြားသည့် မေတ္တာရပ်ခံ အကြောင်းကြားစာ၊ လျှောက်ထားခံရသူ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် ပြန်ကြားအစီရင်ခံစာမိတ္တူ၊ ပြန်လှန်ကျမ်းကျိန်လွှာမိတ္တူနှင့် ကိုယ်စားလှယ်လွှဲစာတို့ကို ညွှန်ကြားရေးမှူးမှတစ်ဆင့် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရပါသည်။ မေတ္တာရပ်ခံ အကြောင်းကြားစာတွင် ဝန်ကြီးဌာနအဖွဲ့အစည်းအကြီးအမှူးက ပြည်ထောင်စုရှေ့နေချုပ်ထံသို့ လည်းကောင်း သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ညွှန်ကြားရေးမှူးချုပ်ထံသို့လည်းကောင်း လိပ်မူပေးပို့ရမည် ဖြစ်ပါသည်။

၂၆။       သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြရမည့် ပြန်ကြားအစီရင်ခံစာကိစ္စ အခက်အခဲရှိ၍ လာရောက်ဆွေးနွေးသည့်အခါ အဆင်ပြေချောမွေ့စေရေးအတွက် ဤဌာနခွဲကဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၇။    စာချွန်တော်အမိန့် လျှောက်ထားမှုအတွက် လျှောက်လဲချက်စာကြမ်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကနဦးအမိန့်အရ ဤအမှုလိုက်ဌာနခွဲရှိ ဥပဒေအရာရှိများက ရေးသားပြုစု၍ လျှောက်လဲချက်အား အဆင့်ဆင့်တင်ပြပြီး ညွှန်ကြားရေးမှူးချုပ်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အပြီးသတ် ကြားနာ ဆုံးဖြတ်ရေးအဖွဲ့ရှေ့တွင် အပြီးသတ်လျှောက်လဲချက် ပေးရပြီးအပြီးသတ်ကြားနာ ဆုံးဖြတ်ရေးအဖွဲ့က ချမှတ်သည့်ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်။ ထို့ပြင် ဤအမှုလိုက်ဌာနခွဲသည် စာချွန်တော်အမိန့်နှင့် စပ်လျဉ်းသည့် အကြံဉာဏ်တောင်းခံချက်များ၊ တိုင်ကြားစာများကိုလည်း စိစစ်ဆောင်ရွက်ရပါသည်။

၂၉။      ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် စာချွန်တော်အမိန့် ထုတ်ဆင့်ခံရသည့်ဌာန အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အမှုလိုက်ပါဆောင်ရွက်ရာ၌ လိုအပ်သည့်စ ာရွက်စာတမ်းများနှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၁၁-၈-၂ဝ၁၇ရက်စွဲပါစာအမှတ် ၃ (ညခ) ၁ – ၁/ နပတ (၁၅၅၁) ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးဥပဒေချုပ်ရုံးများသို့ ဖြန့်ဝေပြီးဖြစ်ပါသည်။

၃၀။     ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားမှုပေါင်း ၆၈ မှုအား လိုက်ပါဆောင်ရွက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားချက်အရ ရုံးသဟာယအဖြစ် ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုနှစ်မှုတို့တွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

တရားမဆိုင်ရာအမှုလိုက်ဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

၃၁။  တရားမဆိုင်ရာ အမှုလိုက်ဌာနခွဲအနေဖြင့်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် အခြားဌာနများက ဥပဒေအကြံ တောင်းခံခြင်းများနှင့်စပ်လျဉ်း၍ တရားမကြောင်းနှင့် သက်ဆိုင်သည့်ကိစ္စ ရပ်များဖြစ်ပါက စိစစ်၍အကြံပြုပြန်ကြားခြင်း၊ပြည်နယ်/ တိုင်းဒေသကြီးဥပဒေချုပ်ရုံးများက အကြံပေးလမ်းညွှန်မှုတောင်းခံသည့် တရားမကြောင်းနှင့် သက်ဆိုင်သော အမှုများကိုစိစစ်၍ လမ်းညွှန်အကြံပြုပြန်ကြားခြင်း၊

၃၂။    ပြည်နယ်/ တိုင်းဒေသကြီးဥပဒေချုပ်ရုံးများက တရားမကြောင်းနှင့်သက်ဆိုင်သော ၎င်းတို့၏ အကြံပြုပြန်ကြားချက်တို့အား မိတ္တူပေးပို့သည်ကိုစိစစ်၍ အတည်ပြုခြင်းနှင့် ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်အကြံပြုပြန်ကြားခြင်းတို့ကို ဆောင်ရွက်ရပါသည်။

၃၃။    ပြည်နယ်/ တိုင်းဒေသကြီးဥပဒေချုပ်ရုံးများကတင်ပြသော တရားမမူလမှု၊ တရားမဇာရီမှုများ၏ ပြီးပြတ်ချက်ပုံစံတို့ကို စိစစ်၍ အတည်ပြုခြင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံမှု၊ပြင်ဆင်မှု၊ပြန်လည်သုံးသပ်မှု၊ အထွေထွေလျှောက်ထားမှုတို့ တင်သွင်းရန်လိုအပ်ပါက တင်သွင်းခြင်းနှင့် အဆိုပါ အမှုတို့တွင် အမှုလိုက်ပါဆောင်ရွက်ခြင်း၊

၃၄။    ပြည်နယ်/ တိုင်းဒေသကြီးဥပဒေချုပ်ရုံးများက ကြားဖြတ်အမိန့်များ၊ အပြီးသတ်ချမှတ်သည့် အမိန့်များအပေါ် အယူခံမှု၊ ပြင်ဆင်မှု၊ အထွေထွေလျှောက်ထားမှုများ တင်သွင်းပေးရန် တင်ပြလာပါကစိစစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းပေးခြင်းနှင့် အဆိုပါအမှုများတွင် အမှုလိုက်ပါဆောင်ရွက်ခြင်း၊

၃၅။    ပြည်နယ်/ တိုင်းဒေသကြီးဥပဒေချုပ်ရုံးက လမ်းညွှန်မှုခံယူ တင်ပြသည့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားစွဲဆိုမည့် တရားမမှုနှင့်စပ်လျဉ်း၍ ပေးပို့မည် နို့တစ်စာ၊ တရားရုံးတွင် တင်သွင်းမည့် အဆိုအချေ၊လျှောက်လွှာ၊ ကန့်ကွက်လွှာစသည့် စာရွက်စာတမ်းနှင့် လျှောက်လဲချက်များအပေါ် စိစစ်၍ ပြင်ဆင်ခြင်း၊ အတည်ပြုပြန်ကြားခြင်းတို့ကို ဆောင်ရွက်ရပါသည်။

၃၆။    ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ပပုဂ္ဂိုလ်များက တက်ရောက်သည့် တရားမအယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်ပေးစေလိုမှုနှင့် အထွေထွေလျှောက်ထားမှုများတွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတို့က ၎င်းတို့ကိုယ်စား အမှုလိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအကြောင်းကြားပါက အမှုလိုက်ပါဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပါသည်။

၃၇။    အများပြည်သူဆိုင်ရာ လှူဒါန်းမှုများနှင့် စပ်လျဉ်းသည့် ကိစ္စအတွက်သော်လည်းကောင်း၊ သာသနာရေး ကိစ္စအတွက် သော်လည်းကောင်း၊ တရားစွဲဆိုနိုင်ရန် တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၂ အရ ပြည်ထောင်စုရှေ့နေချုပ်ထံသို့ တရားစွဲဆို ခွင့်ပြုမိန့်ထုတ်ပေးရန် သင့်မသင့် တောင်းခံရာတွင် စိစစ်၍ ပြည်ထောင်စုရှေ့နေချုပ်ထံတင်ပြခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအပေါ် တရားမမှုဖြင့် တရားမစွဲဆိုမီ တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ ပေးပို့သည့် နို့တစ်စာကို ပြန်ကြားခြင်းနှင့်သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက သက်ဆိုင်ရာ တရားပြိုင်သို့ တရားမမှုမစွဲဆိုမီ ပေးပို့မည့်နို့တစ်စာကို စိစစ်ပြန်ကြား ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပါသည်။