(၁၆)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းပေါင်းစပ်ညှိနှိုင်းရေးညီလာခံသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက်

နေပြည်တော်၊ မေ ၁၀

(၁၆)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ပေါင်းစပ်ညှိနှိုင်းရေး ညီ လာခံကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ မေလ ၉ ရက် နေ့တွင် ကျင်းပခဲ့ရာ အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး(ASEAN Senior Law Officials Meeting-ASLOM)၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက်ပြီး ဆွေးနွေးပြောကြားသည်။

ညီလာခံတွင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ၁၂ ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးနှင့် ၂၂ ကြိမ်မြောက် အာဆီယံဥပဒေအရာရှိကြီးများ အစည်းအဝေးတို့ကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ အာဆီယံ ဥပဒေအရာရှိကြီးများ အစည်းအဝေးတွင် တက်ရောက်ခဲ့သော အဖွဲ့ဝင်များက အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဥပဒေပညာရှင်များ အသင်းတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် ဦးစားပေးစတင် ဆောင်ရွက်နိုင်သော နယ်ပယ်အချို့ကို အဆိုပြုတင်ပြခဲ့ကြောင်း၊ ထိုအဆိုပြုချက် ကိုအခြေခံ၍ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဥပဒေပညာရှင်များ အသင်းတို့ သည် ရင်းနှီးမြှုပ်နှံသူ-နိုင်ငံတို့အကြား ဖြစ်ပွားသော အငြင်းပွားမှုကို ဖြေရှင်းခြင်းနှင့်သက်ဆိုင်သည့် သင်တန်းများပို့ချနိုင်ရေး ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ပိုမိုကောင်းမွန်သည့် အငြင်း ပွားမှုဖြေရှင်းခြင်း နည်းလမ်းများဆိုင်ရာ အာဆီယံ နောက်ဆက်တွဲ စာချုပ်အပေါ် ဆွေးနွေးမှုများကို ယခုနှစ်အတွင်းပြုလုပ်ရန် မျှော်မှန်းထားကြောင်း၊ သင်တန်းပို့ချမည့် အစီအစဉ်များကို အတည်ပြု ချမှတ်ပြီးပါက အာဆီယံနိုင်ငံများသို့ ဖိတ်ကြား၍ သင်တန်း များပို့ချနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံ အဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းအဖွဲ့များသည် အာဆီယံကုန်သွယ်မှု ဥပဒေထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့အတူ တရားခံလွှဲပြောင်းရေးဆိုင်ရာ အာဆီယံသဘောတူ စာချုပ်(မူကြမ်း) နှင့်စပ်လျဉ်း၍ အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းအဖွဲ့များသည် စတုတ္ထအကြိမ်မြောက် စာတမ်းဖတ်ကြားခြင်းကို ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွင်း အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ တရားခံ လွှဲပြောင်းရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်ကို အတည်ပြုနိုင်ပါက အာဆီယံနိုင်ငံများအကြား နိုင်ငံဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ရာတွင် ခိုင်မာသောဥပဒေ မူဘောင်တစ်ရပ် အဖြစ် ပေါ်ပေါက် လာမည်ဖြစ်ပြီး တရားခံလွှဲပြောင်းပေးလုပ်ငန်းစဉ်များကို အာဆီယံနိုင်ငံများအကြား ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ကာလ၌ အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း အခြေပြမြေပုံ၏ အဓိကကျသော ဥပဒေကိစ္စရပ်များကို အောင်မြင်မှုရှိစေရန်အတွက် ဦးဆောင်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ညီလာခံသို့ တက်ရောက်သည့် အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း အခြေပြမြေပုံကို အကောင်အထည်ဖော်ခြင်းနှင့် အာဆီယံအသိုက်အဝန်း၏ မျှော်မှန်းချက်အား ဖော်ဆောင်နိုင်မှု အခြေအနေတို့ကို တင်ပြဆွေးနွေး ခဲ့ကြသည်။

(သတင်းစဉ်)