(၄၃) ကြိမ်မြောက် အာဆီယံ ဥပဒေပညာရှင်များအသင်း အုပ်ချုပ်မှုကောင်စီ အစည်းအဝေး (43rd ALA Governing Council Meeting) သို့ အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ) ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၃ ရက်

      အာဆီယံဥပဒေပညာရှင်များအသင်း-အင်ဒိုနီးရှား (ALA-Indoneisa) က Hybrid စနစ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် လက်ခံကျင်းပသည့် (၄၃) ကြိမ်မြောက် အာဆီယံ ဥပဒေ ပညာရှင်များအသင်း အုပ်ချုပ်မှုကောင်စီ အစည်းအဝေးသို့ အာဆီယံဥပဒေပညာရှင်များအသင်း ဥက္ကဋ္ဌ၊ စင်္ကာပူနိုင်ငံ တရားသူကြီးချုပ် H.E. Sundaresh Menon နှင့် အာဆီယံ ဥပဒေ ပညာရှင်များအသင်း-အင်ဒိုနီးရှား၏ ဥက္ကဋ္ဌဖြစ်သူ တရားသူကြီးချုပ် H.E. Muhammad Syarifuddin တို့၏ ဖိတ်ကြားချက်အရ အာဆီယံ ဥပဒေပညာရှင်များအသင်း (မြန်မာ) ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံသည်  အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အတူပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို လေးစား လိုက်နာလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥပဒေပညာရှင်များအသင်းတွင် ၂၀၁၂ ခုနှစ် ကတည်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ) အနေဖြင့် အသင်း၏ လုပ်ဆောင်မှုများနှင့် အမျိုးမျိုးသော အစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့်လည်း  အာဆီယံဥပဒေ ပညာရှင်များအသင်း၏ ကော်မတီအလိုက် ဥပဒေရေးရာလုပ်ငန်းစဉ်များတွင် အခြားအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက် ရှိသည် အငြင်းပွားမှု ဖြေရှင်းခြင်းလုပ်ငန်းစဉ် Alternative Dispute Settlement Mechanism နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေအသစ်အား၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တရားမကျင့်ထုံး ဥပဒေအား ပြင်ဆင်ခဲ့ပြီး တရားမမှုဆိုင်ရာ အငြင်းပွားမှုများကို စေ့စပ်ဖြေရှင်းခြင်း (Mediation) နည်းလမ်းဖြင့် တရားရုံးတွင်ဖြေရှင်းသည့်စနစ်ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတ များကို မျှဝေပေးရန် တာဝန်ရှိသည့်အလျောက်အများပြည်သူက ဥပဒေဆိုင်ရာ သတင်းအချက် အလက်များ လွယ်ကူစွာသိရှိနိုင်ရန် မြန်မာ့ဥပဒေ သတင်းအချက် အလက်စနစ် Myanmar Law Information System Website (MLIS)အား တည်ထောင်ထားရုံသာမက အစိုးရဝန်ကြီးဌာန များနှင့် အစိုးရအဖွဲ့အစည်းများမှ ဝန်ထမ်းများအား ဥပဒေရေးရာအသိပညာများ သိရှိနားလည် နိုင်စေရန် ဥပဒေသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယင်းသင်တန်း များတွင် အပြည်ပြည်ဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြည်တွင်းဥပဒေ၊ တရားမဥပဒေ၊ စီးပွားရေး စာချုပ်စာတမ်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရဝန်ထမ်းများ သိသင့်သိထိုက်သော အခြား ဥပဒေရေးရာအကြောင်း အရာများကို သင်ကြားပို့ချလျက်ရှိပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံ သည် ၂၀၁၈ ခုနှစ်တွင် အာဆီယံ E-Commerce Agreement ကို အတည်ပြု ပါဝင်ခဲ့ပြီး Digital Economy Road Map 2018-2025 ကို ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး E-commerce ဥပဒေ (မူကြမ်း)၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေတို့ကို ရေးဆွဲလျက်ရှိပါကြောင်း၊ အာဆီယံဥပဒေပညာရှင်များ အသင်းသည် ဥပဒေရေးရာ နယ်ပယ် အမျိုးမျိုးမှ ကျွမ်းကျင်ပညာရှင်များ စုဝေးရာနေရာဖြစ်ပြီး ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတ များနှင့် သတင်းအချက်အလက် များအားအပြန်အလှန် ဖလှယ်နိုင်သည့် တစ်ခုတည်းသောနေရာ ဖြစ်ပါကြောင်း၊ ဤ အစည်း အဝေးမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက်များသည် အာဆီယံ၏ One Vision၊ One Identity၊ One Community ရည်မှန်းချက်အောင်မြင် ဖြစ်ထွန်းစေရန်အတွက် အကျိုးပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

    အစည်းအဝေးတွင် (၄၂) ကြိမ်မြောက် ALA Governing Council အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ASEAN Law Institute Annual Report 2022 နှင့် Workplan 2023 တို့အား အတည်ပြုခြင်း၊ အာဆီယံနိုင်ငံများအတွင်း အငြင်းပွားမှုဖြေရှင်းခြင်း လုပ်ငန်းစဉ် Alternative Dispute Settlement Mechanism ဆိုင်ရာကျင့်သုံးမှုများကို တင်ပြဆွေးနွေးခြင်း နှင့် အာဆီယံ ဥပဒေစာချုပ်စာတမ်းများအား အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များကို အာဆီယံဥပဒေပညာရှင်များအသင်း အဖွဲ့ဝင်များအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)