နိုင်ငံတကာအဆင့်မီစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၁၅ ရက်

နိုင်ငံတကာအဆင့်မီစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉:၃၀ အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် မိတ်ဖက်ဥပဒေအဖွဲ့အစည်းမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြ ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ အနေဖြင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် တစ်ဖက်စာချုပ်ဝင်တို့အကြားချုပ်ဆိုမည့် ဖက်စပ်စာချုပ်များ၊ မြေနှင့်အဆောက်အအုံ ငှားရမ်းသည့် စာချုပ်များ၊ တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်းစာချုပ်များ၊ ပြည်တွင်းပြည်ပ ပစ္စည်းရောင်း ဝယ်ရေးစာချုပ်များ၊ ငွေချေးစာချုပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ် တူးဖော်ရေးစာချုပ်များ၊ စာချွန်လွှာများ၊ နားလည်မှုမှတ်တမ်းများ၊ ပြည်ပမှအတိုင်ပင်ခံ ငှားရမ်းရေး စာချုပ်များ၊ တည်ဆောက်ရေးစာချုပ်များစသည့် စီးပွားရေးဆိုင်ရာစာချုပ်စာတမ်း (မူကြမ်း)များကို စိစစ် အကြံပြုခြင်းဖြင့် ဥပဒေဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနသည် တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ မဟာဗျူဟာစီမံကိန်း၏ ပန်းတိုင် (၂) ရည်မှန်းချက် ၂၊ ၁ မှာ  “ပိုမိုထိရောက်သည့် ဥပဒေ အကြံဉာဏ်များကို အချိန်နှင့်တပြေးညီပေးရန်” ဖြစ်ပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိများအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို သိရှိ နားလည်ပြီး စီးပွားရေးစာချုပ်စာတမ်းများ စိစစ်အကြံပြုရာတွင် ပိုမိုထိရောက်သည့် ဥပဒေအကြံဉာဏ်များကိုအချိန်နှင့် တပြေးညီပေးနိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ဥပဒေ အကြံဉာဏ် ပေးနိုင်စေရန်အတွက် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ နိုင်ငံတကာ အဆင့်မီ စီးပွားရေးစာချုပ်စာတမ်းများချုပ်ဆိုခြင်းနှင့် အခြားစာချူပ်စာတမ်းများဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့တွင် အထောက်အပံ့ ဖြစ်စေနိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနသည် ဌာန၏လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန် ထမ်းဆောင်နေကြသူများ၏ တစ်ဦးချင်း အရည်အသွေး မြှင့်တင်ခြင်း၊ ဌာနတွင်း ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်း စေရန်ဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အခါအားလျော်စွာသင်တန်း များကျင်းပ ပြုလုပ်လျက်ရှိပါသည်။

ယခုသင်တန်းတွင် အထွေထွေစီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းစည်းကမ်းချက်များ၊ အစုရှယ်ယာဝယ်ယူခြင်းစာချုပ်၊ တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း စာချုပ်၊ ဖက်စပ် စာချုပ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေးပို့ချသွားမည်ဟု သိရှိရသည့်အတွက် ယခုသင်တန်းကို တက်ရောက် ခြင်းအားဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများသည် နိုင်ငံတကာနှင့်ချုပ်ဆိုသည့်စီးပွားရေးစာချုပ်စာတမ်းများနှင့် အခြား စာချုပ်စာတမ်းများစိစစ်ရာတွင် အချိန်ကြန့်ကြာမှုများ လျော့ကျပြီး ပိုမိုမြန်ဆန်သော လုပ်ငန်းစဉ်ဖြင့် ထိရောက်စွာ စိစစ်နိုင်ရေး၊ အရည်အသွေးပြည့်မီသော ဥပဒေအကြံဉာဏ်ပေးနိုင် ရေးတို့အတွက် များစွာအထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါသည်။

ယခုသင်တန်းသို့ တက်ရောက်သည့် ဥပဒေအရာရှိများအနေဖြင့် နိုင်ငံတကာ အဆင့်မီ စီးပွားရေးစာချုပ်စာတမ်းများနှင့် အခြားစာချုပ်စာတမ်းများဆိုင်ရာ လုပ်ငန်းကိစ္စများကို သိရှိ နားလည်ခြင်းအားဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမို တိုးတက်မြင့်မားလာစေမည် ဖြစ်သောကြောင့် ယခုသင်တန်းကို သေချာမှတ်သား၍ လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း  ပြောကြားပါသည်။

အဆိုပါသင်တန်းသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား/သူ ၆၀ ဦး တက်ရောက် ကြောင်း သတင်းရရှိပါသည်။

 

                                                                                                (သတင်းစဉ်)