ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၄)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ မတ် ၇ ရက်

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခု အစည်းအဝေးသည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ၌ ၇ ကြိမ် မြောက် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းကာလတွင် ဥပဒေဘာသာပြန် စာအုပ်အမှတ် (၉)မှ (၁၃)ထိ စာအုပ် (၅)အုပ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ စာအုပ်အမှတ် (၁၃)မှာ ဥပဒေ(၆)ခု၏ မြန်မာဘာသာပြန်ဆိုချက်စာမူများကို ကော်မရှင်၏အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် အတည်ပြုထုတ်ပြန်၍ ယခုလတ်တလောပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်ဖြစ်ကြောင်း၊

ကော်မရှင်၏ လုပ်ငန်းတာဝန်များအနေဖြင့် မြန်မာဘာသာပြန်ဆိုမည့် ဥပဒေနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို လိုအပ်ပါက ဖိတ်ကြားဆွေးနွေးရန်၊ မြန်မာ ဘာသာ ပြန်ဆိုမည့် ဥပဒေတွင် ပြင်ဆင်ချက်များရှိလျှင် ယင်းပြင်ဆင်ချက်များ ပြည့်စုံစွာ ပါရှိစေရေးအတွက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနတို့ကို ပူးပေါင်းဆောင်ရွက် စေရန် ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (င)နှင့် (ဆ) တို့တွင် ပြဋ္ဌာန်းထားပါကြောင်း၊

ကော်မရှင် အစည်းအဝေးများတွင် ဆွေးနွေးခဲ့သည့် The Myanmar Stamp Act ၏ မြန်မာဘာသာပြန်ဆိုချက်စာမူအပေါ် စိစစ်အကြံပြုပေးနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ မေးမြန်းထားပါကြောင်း၊ အပြီးသတ်စိစစ် ဆောင်ရွက်ပြီး The Myanmar Stamp Act ၏ မြန်မာဘာသာပြန်ဆိုချက်စာမူကို အတည် ပြုထုတ်ပြန်ကာ ဥပဒေဘာသာပြန် စာအုပ်အမှတ်(၁၄)အဖြစ် ဆက်လက်ပုံနှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း၊

ယခုအစည်းအဝေးတွင် ဥပဒေ(၈)ခုဖြစ်သည့် The Hindu Disposition of Property Act (ဟိန္ဒူဘာသာဝင်များ၏ပစ္စည်းစီမံခန့်ခွဲခြင်းအက်ဥပဒေ)၊ The Mussalman Wakf Act (မွတ်စလင် ဝါကပ်ဖ်အက်ဥပဒေ)၊ The Hindu Inheritance (Removal of Disabilities) Act (ဟိန္ဒူအမွေ ဆက်ခံခြင်း (ဆက်ခံခွင့်မရှိခြင်းကို ဖယ်ရှားရေး) အက်ဥပဒေ)၊ The Kazis Act (ကာဇစ်များဆိုင်ရာ အက်ဥပဒေ)၊ The Caste Disabilities Removal Act (အမျိုးဇာတ်ပျက်ယွင်း ခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ)၊ The Myanmar Passport Act (မြန်မာနိုင်ငံကူး လက်မှတ် အက်ဥပဒေ)၊ The Fatal Accidents Act (သေစေနိုင်သောမတော်တဆ ထိခိုက်မှုများအက်ဥပဒေ)၊ The Poisons Act (အဆိပ်အက်ဥပဒေ) တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆို ချက်များ တည့်မတ် မှန်ကန်စေရေးအတွက် အားလုံးက ဝိုင်းဝန်း ဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)