(၁၂) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၂၅ ရက်

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် (၁၂) ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများအစည်းအဝေး (12th ASEAN LAW MINISTERS MEETING – ALAWMM) နှင့် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများအစည်းအဝေး (22nd ASEAN LAW OFFICIALS MEETING – ASLOM) ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့ရာ (၁၂) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက လည်းကောင်း၊ (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက လည်းကောင်း ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တရားရေးနှင့် ဥပဒေရေးရာ ဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ အဆင့်မြင့်ဥပဒေအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

(၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ ဤအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အလှည့်ကျဥက္ကဋ္ဌအဖြစ် ကျင်းပခွင့် ပေးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ (၂၁)ကြိမ်မြောက် အာဆီယံဥပဒေအရာရှိကြီးများအစည်းအဝေးကို အကောင်းဆုံးကြိုးစားပြီး လက်ခံ ကျင်းပပေးခဲ့သည့်  ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဌာန၊ တွဲဖက်အတွင်းရေးမှူး H.E. Brigido J. Dulay  အား ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး၏  ဖြစ်ပေါ် တိုးတက်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၏ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေးမှ လုပ်ဖော်ကိုင်ဖက်များအနေဖြင့်  ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုကို ပိုမို နီးကပ်စွာဆောင်ရွက်ရန် အကြံပြုပါကြောင်း၊ အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်း အဝေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ဥပဒေဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သဖြင့်  ဤအစည်းအဝေးမှ ဆွေးနွေးမှုရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၂၅-၁-၂၀၂၄ရက်နေ့တွင် (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေး၏ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက မြန်မာနိုင်ငံကိုယ်စား(၁၂)ကြိမ်မြောက် အာဆီယံဥပဒေ ရေးရာဝန်ကြီးများအစည်းအဝေး (12th ALAWMM) ၏ အိမ်ရှင်နိုင်ငံ  အလှည့်ကျဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ၊ (၁၁) ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သော မလေးရှားနိုင်ငံအား ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းအရ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊  နယ်မြေတည်တံ့ခိုင်မြဲမှု ၊ တစ်နိုင်ငံ၏  ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှု၊ တူညီဆန္ဒဖြင့်သာဆုံးဖြတ်မှုနှင့် ပုံစံကွဲပြားသော်လည်း ညီညွတ်မှု ရှိခြင်းဟူသည့် အခြေခံမူကြီးများကို အပြည့်အဝ လေးစားလိုက်နာပါကြောင်း၊  မြန်မာနိုင်ငံသည် အာဆီယံ အသိုက်အဝန်းများနှင့် ဒေသတွင်းပေါင်းစည်းမှု တည်ဆောက်ရန်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိ ကြီးများအစည်းအဝေးကို လွန်ခဲ့သည့်နှစ်ရက်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ဥပဒေရေးရာဝန်ကြီးဌာန(MoLA)အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည့် တစ်ခုတည်း‌သော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဥပဒေဘာသာပြန်ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် “တရားမျှ တရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၀-၂၀၂၄ မဟာဗျူဟာ စီမံကိန်းကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် အာဆီံယံဒေသတွင်း ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာနှင့်လည်း ဥပဒေရေးရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤအစည်းအဝေးသည် ဥပဒေ ပညာရှင်များ အချင်းချင်း ထိတွေ့ဆက်ဆံရန်၊ အမြင်ချင်းဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အဓိကကျသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ (၁၂) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ ရလဒ်များသည် အာဆီယံပဋိဉာဉ်စာတမ်းအရ ဘုံရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စေရန်အတွက် အာဆီယံဥပဒေရေးရာဝန်ကြီးများအကြား ပိုမိုနားလည် သဘောပေါက်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် Online စနစ်ဖြင့် အစည်းအဝေးများကျင်းပမှု များပြားလာသည့်နှင့်အညီ မိမိတို့အတွက် အချိန် နှင့်ငွေကြေးကို ချွေတာနိုင်ပါကြောင်း၊ အစည်းအဝေးများတွင် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်းသည် ပိုမိုနီးကပ်သော ချစ်ကြည်ရင်းနှီးမှုအတွက် အရေးကြီးသည်မှာ မှန်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်အတွက် Online အစည်းအဝေးများကိုလည်း ပိုမို အကောင်အထည်ဖော်နိုင်ရန် အကြံပြုလိုပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်၏ ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာကိစ္စ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဥပဒေရေးရာကိစ္စ၊ အာဆီယံကုန်သွယ်ရေးဥပဒေ လိုက်လျောညီထွေဖြစ်စေရေး ကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြစ်ကျတရားခံ အပြန်အလှန် လွှဲပြောင်းပေးရေးကိစ္စ၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် တရားမျှတရေးဆိုင်ရာကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားမ နှင့် ကုန်သွယ်ရေးတို့တွင် ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးကိစ္စ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့်စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံ ဥပဒေပညာရှင်များအသင်းနှင့်စပ်လျဉ်းသည့်ကိစ္စနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေးသဘောတူစာချုပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကိုလည်းကောင်း၊ (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများအစည်းအဝေးတွင်  (၂၁) ကြိမ်မြောက် နှင့် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများအစည်းအဝေး အစီရင်ခံစာများအား အတည်ပြုခြင်းကိစ္စ၊ (၁၃) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး ကျင်းပမည့် နေရာနှင့်အချိန်တို့အား သတ်မှတ်ခြင်းကိစ္စ၊ (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အား ဆွေးနွေးအတည်ပြုခြင်းကိစ္စနှင့် (၁၂)ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးအစီရင်ခံစာအား အတည်ပြုခြင်းကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

          (သတင်းစဉ်)