ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏(၁၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၆

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၁)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။   

       အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ကော်မရှင် အနေဖြင့် မြန်မာဘာသာပြန်ဆိုရန် ကျန်ရှိသည့် ဥပဒေများ နှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ပညာရှင်များနှင့် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၁၇-၆-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၁/၂၀၂၂ ဖြင့် ဥပဒေဘာသာပြန် ကော်မရှင်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊

        ကော်မရှင်က ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် ဥပဒေပေါင်း ၈၁ ခုရှိသည့်အနက် ဥပဒေ‌ပေါင်း ၃၁ ခုကို ဘာသာပြန်ဆိုအတည်ပြုကာ စာအုပ်အမှတ် (၁)မှ (၁၀)အထိ ထုတ်ဝေ နိုင်ခဲ့ပြီး ပုံနှိပ်လျက်ရှိသည့် စာအုပ်အမှတ် (၁၁)ကိုလည်း မကြာမီ ရရှိတော့မည်ဖြစ်ကြောင်း၊ ကော်မရှင်က ဘာသာပြန်ဆိုရန်ကျန်ရှိသည့် ဥပဒေ ၃၈ ခုကို ကနဦး မြန်မာဘာသာပြန်ဆိုရန် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်များသို့ ခွဲဝေတာဝန်ပေးအပ်ထားကြောင်း၊ လုပ်ငန်းအဖွဲ့ငယ် များက လက်ရှိဘာသာပြန်ဆိုပြီး၍ ပြန်လည်စိစစ်ဆောင်ရွက်နေသည့် ဥပဒေများအပြင် ထပ်မံ ခွဲဝေတာဝန်ပေးအပ်ခဲ့သည့် ဥပဒေများကိုလည်း သတ်မှတ်ကာလအတွင်း ဘာသာပြန်ဆိုပြီးစီး အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊

ကော်မရှင်အနေဖြင့် ၅-၁၀-၂၀၂၂ နေ့တွင် The Guardians and Wards Act ၏ မြန်မာ ဘာသာပြန်ဆိုချက်ကို အမိန့်အမှတ် ၅/၂၀၂၂ ဖြင့် အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ယင်းအက် ဥပဒေကို စာအုပ်အမှတ် (၁၁)အဖြစ် ပုံနှိပ်ထုတ်ဝေတော့မည်ဖြစ်ကြောင်း၊  ယင်းစာအုပ် အမှတ် (၁၁)တွင် ကော်မရှင်က အတည်ပြုထားသည့် မြန်မာဘာသာပြန်ဆိုချက် စာမူအပြင် ယင်းနှင့် ယှဉ်တွဲဖတ်ရှု လေ့လာနိုင်ရန်အတွက် မူလအင်္ဂလိပ်စာမူကိုလည်း ထည့်သွင်းဖော်ပြ ထားကြောင်း၊

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေဘာသာပြန် စာအုပ်အမှတ် (၉) အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည့် ရာဇသတ်ကြီးကို မြန်မာဘာသာပြန်ဆိုချက် စာမူအပြင် မူလအင်္ဂလိပ်စာမူကိုလည်း ထည့်သွင်းဖော်ပြပြီး ထပ်မံပုံနှိပ် ထုတ်ဝေရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဒသမအကြိမ်အစည်းအဝေးတွင် ဆွေးနွေးခဲ့သော The Myanmar Stamp Act ၏ မြန်မာဘာသာပြန်ဆိုချက်စာမူကို အတည်ပြုအမိန့် မထုတ်ပြန်မီ ပြန်လည်စိစစ်လျက် ရှိကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအားလုံးက ဥပဒေများကို ဆွေးနွေးရာတွင် အချက်အလက် အကိုးအကားများနှင့် အားတက်သရောပါဝင်ဆွေးနွေးခြင်းဖြင့် ရှင်းလင်းပြတ်သားဆီလျော် သော မြန်မာဘာသာပြန်ဆိုချက်များ ရရှိမှာဖြစ်ကြောင်း၊ ဘာသာပြန်ဆိုရာတွင်လည်း မူရင်း ပြဋ္ဌာန်းချက်၏ ဆိုလိုရင်းအဓိပ္ပာယ်နှင့် ကွဲလွဲမှု မရှိစေရန်၊ ဥပဒေအနှစ်သာရ ရှိစေရန် Legal Sense ဖြင့် စဉ်းစားပြန်ဆိုရမည် ဖြစ်ကြောင်း၊

        ယခုအစည်းအဝေးတွင် The Trusts Act(ယုံမှတ်အပ်နှံမှုအက်ဥပဒေ)နှင့် The Negotiable Instruments Act(လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေ)တို့ကို ဆွေးနွေးအတည်ပြု မည်ဖြစ်ပြီး အပြုသဘောဖြင့် အားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြု စေလိုကြောင်း ပြောကြားသည်။

          အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို ၃ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)